မြိတ်တွင် တနင်္သာရီရိုးရာနဂါးလှေဖြင့် လှော်ခတ်ပြသစဉ်တိမ်းမှောက်

မြိတ်တွင် တနင်္သာရီရိုးရာနဂါးလှေဖြင့် လှော်ခတ်ပြသစဉ်တိမ်းမှောက်

ယခုနှစ် မြိတ်မြို့ကထိန်ပွဲတွင် တနင်္သာရီ ရိုးရာနဂါးလှေလှော်အလှပြပွဲကို ထည့်သွင်း ကျင်းပခဲ့ရာ နဂါးလှေတစ်စင်းမှာ တိမ်းမှောက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှော်ခတ်ပြသ

မြိတ်မြို့ ကုသိနာရုံကျောင်းဘုံကထိန်ပွဲကို နိုဝင်ဘာ ၁၇ ရက်က မြိတ်မြို့ အရှေ့မြစ် အတွင်း၌ကျင်းပခဲ့ရာ လယ်သစ်ကျေးရွာမှ ရိုးရာနဂါးလှေနှစ်စင်း လာရောက်လှော်ခတ် ပြသခဲ့ခြင်းဖြစ်သည်။

နှစ်ကြိမ်နစ်မြုပ်

ရိုးရာနဂါးလှေနှစ်စင်းသည် မြိတ်မြို့မြစ် အတွင်း ဆိပ်ငယ်ဗောတံတားမှ မြိတ်ကုန်တိုက် ဈေးဝယ်စင်တာအနီးရှိ သစ်ယာဝတံတားအနီး သို့ အသွား/အပြန် သုံးကြိမ်လှော်ခတ်ပြသစဉ် နဂါးလှေတစ်စင်းမှာ စည်းကမ်းမဲ့လှေငယ်များ၊ ရေယာဉ်မောင်းနှင်မှုကြောင့် နှစ်ကြိမ်နစ်မြုပ် မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှေတိမ်းမှောက်ခြင်း ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

လာရောက်ကျင်းပ

"တနင်္သာရီရိုးရာနဂါးလှေက တနင်္သာရီ မြို့မှာပဲ အများဆုံးလှော်ခတ်ကျင်းပတာပါ။  ကုသိနာရုံကျောင်းဘုံကထိန်ပွဲအတွက် ဆရာ တော်ရဲ့ဖိတ်ခေါ်ချက်အရ လာရောက် ကျင်းပ ခြင်းဖြစ်တယ်"ဟု တနင်္သာရီမြို့နယ် လယ်သစ် ကျေးရွာ နဂါးလှေအကျိုးတော်ဆောင် ဦးဝင်း ထွန်းက ပြောဆိုသည်။

လှော်ခတ်ပြသ

တနင်္သာရီမြို့၌ နဂါးလှေခြောက်စင်းရှိပြီး ယခု မြိတ်ဘုံကထိန်ပွဲသို့ လယ်သစ်ကျေးရွာရှိ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ်နှစ်စင်းဖြင့် လာရောက်လှော်ခတ်ပြသခြင်းဖြစ်သည်။

အန္တရာယ်များ

"ကျွန်တော်တို့နဂါးလှေကို ကိုယ့်မြို့မှာ လှော်ခတ်တာနဲ့ မြိတ်မြို့မြစ်ထဲမှာ လာရောက် လှော်ခတ်ပြသတာနဲ့မတူပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ငါးဖမ်းလှေတွေ၊ သမ္ဗန်လှေနဲ့ အခြား ရေယာဉ်တွေကများတော့ အန္တရာယ် အရမ်းများပါတယ်။ သက်ဆိုင်ရာ ရေကြောင်း ရဲနဲ့ ရေကြောင်းဦးစီးဌာနကိုတင်ပြပြီး လုံခြုံ ရေးယူပေးနိုင်မှ ပြသရတာပါ။ တကယ်လို့ လုံးဝမယူပေးနိုင်ရင်တော့ ထိခိုက်ဆုံးရှုံးမှုတွေ များနိုင်တာကြောင့် ပြသလို့မရပါဘူး" ဟု စိန်ပန်းသွယ်နဂါးလှေမှ ပဲ့ကိုင်ဦးအောင်မျိုးက ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး