ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ကျွန်းကမ်းလွန်၌ ဇူလိုင်တွင် နစ်မြုပ်ခဲ့သည့် သင်္ဘောငယ်ကို နိုဝင်ဘာ ၁၈ ရက်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိများက ပြောဆိုခဲ့သည်။
ဖူးခက်ကမ်းလွန်၌ ဇူလိုင် ၅ ရက်တွင် ခရီးသွားများလိုက်ပါလာသည့် သင်္ဘောငယ်နှစ်စင်းနစ်မြုပ်ခဲ့သည်။ သင်္ဘောငယ်တစ်စင်းမှ ခရီးသွားများကို ကယ်ဆယ်နိုင်ခဲ့သော်လည်း နှစ်ထပ်သင်္ဘောငယ် ဖီးနစ်မှ တရုတ်နိုင်ငံသား ၄၇ ဦးမှာမူ ရေနစ်သေဆုံးခဲ့သည်။
ယင်းဖြစ်ရပ်သည် ထိုင်းနိုင်ငံ၌ မကြာသေးမီနှစ်များအတွင်း ခရီးသွားလာမှုနှင့်ဆိုင်သော အဆိုးရွားဆုံးဖြစ်ရပ်ဖြစ်ခဲ့သည်။ စင်ကာပူရှိ သင်္ဘောပျက်ဆယ်ယူရေးကုမ္ပဏီတစ်ခုက ရေအောက် ၄၅ မီတာအနက်ရှိ သင်္ဘောငယ်ကိုဆယ်ယူခဲ့ခြင်းဖြစ်သည်။
ပြန်လည်ဆယ်ယူရေးတွင် အခက်အခဲများရှိခဲ့သည်။ ပထမကုမ္ပဏီသည် ဆယ်ယူမှုပြုလုပ်စဉ်အတွင်း ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး သင်္ဘောငယ်ကို ဆယ်ယူနိုင်ခြင်းမရှိခဲ့ချေ။
ဖီးနစ်ပိုင်ရှင်နှင့် ကြီးကြပ်သူနှစ်ဦးအပါအဝင် လူငါးဦးတို့အား တရားစွဲဆိုထားပြီးဖြစ်သည်။ ၎င်းတို့အား လူသေဆုံးသည်အထိ တာဝန်ပျက်ကွက်မှုဖြင့် တရားစွဲဆိုထားသည်။
ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိကျခံရမည်ဖြစ်သည်။ သင်္ဘောတည်ဆောက်ခဲ့သည့် ကုမ္ပဏီရှိ တာဝန်ရှိသူတချို့ကိုလည်း စစ်ဆေးနေကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၃၅ ဒသမ ၃၈ သန်းလာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့အနက် ၉ ဒသမ ၈ သန်းမှာ တရုတ်လူမျိုးများဖြစ်ကြသည်။

















