ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အနောက်ရဲဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပေါက်တောမြို့မရဲစခန်းမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် အတွင်းဖမ်းမိခဲ့သည့် ဘင်္ဂါလီ လူမျိုး ၁၀၆ ဦးတို့ ကို မလေးရှားနိုင်ငံသို့ စက်လှေဖြင့် ပို့ဆောင်သည့် ကိစ္စနှင့်ပတ်သက်သော တရားခံကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် လာစဉ် ဘင်္ဂါလီများက ဝိုင်းလာကာ ဒုတ်၊ဓားများကိုင်ဆောင်ပြီး ခဲများဖြင့် ပစ်ပေါက်သဖြင့် ရဲတပ်ဖွဲ့က မိုးပေါ်ထောင်ပစ်ခဲ့ကြောင်း၊သို့သော်လည်း တားဆီးမရသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနောက်ရဲ ရဲကင်းစခန်းမှ ရဲအုပ်ကျော်စိန်က ပြောသည်။
“ဒီနေ့၉ နာရီလောက်မှာ တရားခံကိုသွားဖမ်းတာ။ အဲဒီမှာ ဒုတ်တွေ၊ဓားတွေကိုင်ပြီး ဝိုင်းလာကြတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ပေါက်တယ်၊ အဲဒီနောက် လူစုခွဲဖို့ပစ်ခတ်ရာကနေ အခုလိုဖြစ်သွားတာ”ဟု ၎င်းက ပြောသည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီ ၄ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
အနောက်ရဲဘင်္ဂါလီကျေးရွာနှင့် အနောက်ရဲကယ်ဆယ်ရေးစခန်းမှာနီးကပ်စွာတည်ရှိသကဲ့သို့ လုံခြုံရေးအားနည်းမှုများရှိနေပြီး အနောက်ရဲ ကယ်ဆယ်ရေးစခန်းကို လုံခြုံရေးတိုးမြှင့်ချထားရန် လိုအပ်ကြောင်း ပေါက်တောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက သုံးသပ်ပြောဆိုသည်။















