မန္တလေးဘူတာကြီးစင်္ကြန်တွင် စိတ်ကြွဆေးပြားများသယ်ဆောင်လာသူနှင့်အဖော်လိုက်ပါလာသူတို့ကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေး ဘူတာကြီးစင်္ကြန်အမှတ်(၁)၊ အများ သုံးသန့်စင်ခန်းအနီးတွင် မူးယစ်သတင်းအရ မသင်္ကာဖွယ်တွေ့ရသူ လယ်ဝေးမြို့နယ် စက်ရုံစု ရပ် ကွက်နေ ဒေါ်မြရွှေ (၅၂ နှစ်)နှင့် ချမ်းအေးသာစံမြို့ နယ်နေ မမင်းမင်းဦး (၂၇ နှစ်)တို့ကို မူးယစ် တပ်ဖွဲ့စု(၁၇) နှင့် မန္တလေးမီးရထားရဲစခန်းမှ ပူးပေါင်းအဖွဲ့က ရှာဖွေခဲ့သည်။
ဒေါ်မြရွှေကိုင်ထားသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ဝ၀ ပြားနှင့် လက်ကိ်ုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာ၏စုံစမ်းချက်အရ မမင်းမင်းဦး ကို ဒေါ်မြရွှေက စိတ်ကြွဆေးပြားများပို့ဆောင်ရန် အဖော်အဖြစ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး မန္တလေး မီးရထားရဲစခန်းက မူးယစ်ဥပဒေအရ အမှုဖွင့် အရေးယူထားသည်။

















