ပါပူအာနယူးဂီနီနိုင်ငံ၌ ကျင်းပခဲ့သည် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အေပက်) ထိပ်သီး စည်းဝေးပွဲသည် အေပက်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သဘောတူညီချက်တစ်စုံတစ်ရာမရရှိဘဲနိုဝင်ဘာ ၁၇ ရက်တွင် ပြီးဆုံးခဲ့သည်။
အမေရိကန်နှင့် တရုတ်အကြားအပြန်အလှန် သွင်းကုန်ခွန်တိုးကောက်ကြသည့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေခြင်းကြောင့် စည်းဝေးပွဲကြေညာချက်တွင် ထိပ်သီးစည်းဝေးပွဲတက်ရောက်လာသည့် ယင်းနှစ်နိုင်ငံ ခေါင်းဆောင်များအကြား အသုံးအနှုန်းညှိနှိ်ုင်းမရခဲ့၍ ၂၉ နှစ် သက်တမ်းရှိအေပက်အဖွဲ့၏ ညီလာခံသည် သဘောတူညီချက်မထုတ်ပြန်နိုင်ဘဲ အဆုံးသတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲအပေါ် တစ်ကမ္ဘာလုံးက ပူပန်ကြောင်း အိမ်ရှင် ပါပူအာနယူးဂီနီ ဝန်ကြီးချုပ် ပီတာအိုနေးလ်ကပြောဆိုခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်ဒုတိယသမ္မတမိုက်ပန့်စ်တို့သည် ၄င်းတို့၏ စီးပွားရေးဆိုင်ရာအမြင် ကွဲပြားသည့်မိန့်ခွန်းများကို အေပက်ညီလာခံတွင် နိုဝင်ဘာ ၁၇ ရက်က အသီးသီး ပြောဆိုခဲ့ကြသည်။ သမ္မတရှီက တရုတ်နှင့် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိကတို့ကိုဆက်သွယ်ပေးမည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို အလေးပေးပြောဆိုခဲ့သည်။ မိုက်ပန့်စ်က ဉာဏမူပိုင်ခွင့်၊ အနိုင့်အထက် နည်းပညာလွှဲပြောင်းမှုနှင့် မမျှတသည့် ကုန်သွယ်ရေးအလေ့အထတို့အတွက် တရုတ်ကို အပြစ်တင်ကာ နိုင်ငံများအနေဖြင့် အချုပ်အချာအထိပါးမခံသင့်ကြောင်း၊ ကြွေးမြီဝန်ထုပ်မပိရန် သတိပြုသင့်ကြောင်းလည်း ပြောဆိုခဲ့သည်။
ညီလာခံကျင်းပသည့် ပါပူအာနယူးဂီနီ၏မြို့တော် ပို့တ်မော်စဘီမှာပင် တရုတ်အကူအညီနှင့်ချေးငွေများ ရိုက်ခတ်မှုမှာ သိသာထင်ရှားသည်။ သို့သော် အမေရိကန်နှင့်မဟာမိတ်များကလည်း ပါပူအာနယူးဂီနီနှင့် အခြားကျွန်းနိုင်ငံများ၏ အခြေခံ အဆောက်အအုံများတွင် ဘဏ္ဍာရေးထောက်ပံ့ရန် ကြိုးပမ်းနေသည်။ ပါပူအာနယူးဂီနီတွင် ရေတပ်စခန်းတစ်ခုဖွံ့ဖြိုးရေး သြစတြေးလျ၏အစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သည်။
မည်သို့ဖြစ်စေ တရုတ်နိုင်ငံကလည်း ပါပူအာနယူးဂီနီ၏ ပထမဆုံးအမျိုးသားအဆင့် လမ်းကွန်ရက်တည်ဆောက်ရန် ဒေါ်လာ လေးဘီလျံ ပါဝင်မည်ဖြစ်ကြောင်း ကတိပြုထားသည်။

















