ခါရှောဂီသေဆုံးမှုတိပ်ခွေ ၄င်းနားထောင်စရာအကြောင်းမရှိဟု ထရမ့်ဆို

ခါရှောဂီသေဆုံးမှုတိပ်ခွေ ၄င်းနားထောင်စရာအကြောင်းမရှိဟု ထရမ့်ဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၄င်းအနေဖြင့် ဆော်ဒီသတင်းသမားသေဆုံးမှုသက်သေ အသံသွင်းတိပ်ခွေကို နားထောင်စရာအကြောင်းမရှိဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံရေးကို ရုရှားစွက်ဖက်ခဲ့မှု စစ်ဆေးခြင်းနှင့် ပတ်သက်၍လည်းအထူးစုံစမ်းရေးမှူး ရောဘတ်မြူလာနှင့် ၄င်းတစ်ဦးချင်းတွေ့ဆုံဖြေကြားမည် မဟုတ်ကြောင်းထရမ့်က ပြောဆိုခဲ့သည်။

တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီသတင်းသမားခါရှောဂီသတ်ဖြတ်ခံခဲ့ရပုံသည် အလွန်ရက်စက်ပြီး ယင်းကဲ့သို့အသတ်ခံရပုံ အထောက်အထား အသံသွင်းတိပ်ခွေကိုမူ ၄င်းနားထောင်ရန်အကြောင်းမရှိကြောင်း၊ နားမထောင်ဘဲ အကြောင်းချင်းရာအားလုံး သိရှိပြီးဖြစ်ကြောင်း ဖောက်စ်သတင်းဌာနနှင့်တွေ့ဆုံခန်းတွင် ထရမ့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
    ဆော်ဒီအိမ်ရှေ့စံဘင်ဆာလာမန်၏အမိန့်အရ ခါရှောဂီအသတ်ခံခဲ့ရကြောင်း စီအိုင်အေက ယုံကြည်သည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပြီးနောက်တွင် သမ္မတထရမ့်သည် ယင်းကောက်ချက်ဆန္ဒစောလွန်းကြောင်း၊ ၄င်း၏အစိုးရသည် ခါရှောဂီအမှုအစီရင်ခံစာ အသေးစိတ်ကို နှစ်ရက်အတွင်းရရှိတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယင်းနောက် နိုဝင်ဘာ ၁၇ ရက်တွင် ဖောက်က်စ်သတင်းဌာနနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံခန်းမှာပင် ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားစွက်ဖက်ခဲ့မှုအား ဖော်ထုတ်နေသည့် အထူးစုံစမ်းရေးမှူး ရောဘတ်မြူလာအား ၄င်းနှင့်တစ်ဦးချင်း တွေ့ဆုံခွင့်ပေးမည်မဟုတ်ကြောင်း၊ မြူလာ၏မေးခွန်းများကို ရှေ့နေများမှတစ်ဆင့် စာဖြင့်ရေးသားဖြေကြားရန် လုပ်ဆောင်နေကြောင်း၊ ယင်းလုပ်ဆောင်ချက်သည် စုန်းယိုးသည့်ပမာ စုံစမ်းမှုအတွက် နောက်ဆုံးတုံ့ပြန်ချက်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။

ထရမ့်၏ရှေ့နေအဖွဲ့ကို ဦးဆောင်သည့် နယူးယောက်မြို့တော်ဝန်ဟောင်း ရူဒီဂူလီယာနီကမူ မြူလာ၏ မေးခွန်းအချို့သည် ဥပဒေကြောင်းအရရှုပ်ထွေးကြောင်း ပြောဆိုခဲ့သည်။