ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဝီလျံမက်ရေဗန်ကို ဟီလာရီကလင်တန်၏ နောက်ခံအဖြစ် သမ္မတဒေါ်နယ်ထရမ့်က ပုတ်ခတ်ပြောဆိုခဲ့ပြီးနောက် မက်ရေဗန်ကလည်း ထရမ့်ကိုပြန်လည်ဝေဖန်ခဲ့ပြီး မီဒီယာများကို တိုက်ခိုက်နေသည့် သမ္မတထရမ့်သည် ဒီမိုကရေစီအား အကြီးမားဆုံးခြိမ်းခြောက်နေသူဖြစ်ကြောင်း ယမန်နှစ်က ၄င်း၏မှတ်ချက်ကို ထပ်မံအတည်ပြုခဲ့သည်။
ဟီလာရီကလင်တန်အပါအဝင် မည်သူ့ကိုမျှ မိမိနောက်ခံမပြုခဲ့ကြောင်း၊ မိမိသည် သမ္မတအိုဘားမားနှင့် ဂျော့ဒဗလျူဘုရှ်တို့၏ ပရိသတ်လည်းဖြစ်ကာ ၄င်းတို့လက်အောက်တွင်လည်း အမှုထမ်းခဲ့ကြောင်း၊ ပါတီများမပါ သမ္မတအားလုံးကို မိမိလေးစားကြောင်း မက်ရေဗန်က ပြောဆိုခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်က မီဒီယာများကို တိုက်ခိ်ုက်မှုကြောင့် သမ္မတထရမ့်သည် ဒီမိုကရေစီကို အပြင်းထန်ဆုံးခြိမ်းခြောက်သူဖြစ်ကြောင်း ၄င်း၏ပြောဆိုချက်ကို ထပ်မံအတည်ပြုခဲ့ခြင်း ဖြစ်သည်။
မက်ရေဗန်သည် ဘင်လာဒင်ကို ရှာဖွေချေမှုန်းခဲ့သည့်စစ်ဆင်ရေး၏ဗိသုကာဖြစ်ပြီး နေဗွီဆီးလ်တပ်ဖွဲ့ကို ကွပ်ကဲခဲ့ကာ အမေရိကန်ရေတပ်တွင် ၃၇ နှစ်တိုင် အမှုထမ်းခဲ့သူဖြစ်သည်။
သမ္မတဘားရက်အိုဘားမားလက်ထက် မက်ရေဗန်ကြီးကြပ်ကွပ်ကဲခဲ့သည့် နေဗွီဆီးလ်၏ ၂၀၁၁ ခုနှစ်က နက်ပကျွန်းလှံတန်စစ်ဆင်ရေးသည် အထူးကျော်ကြားခဲ့ပြီး ယင်းစစ်ဆင်ရေးဖြင့် ပါကစ္စတန်နိုင်ငံတွင် ပုန်းအောင်းနေသည့် အယ်လ်ခိုင်ဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ရှာဖွေသုတ်သင်နိုင်ခဲ့သည်။
မက်ရေဗန်သည် ၂၀၁၄ ခုနှစ်တွင် ရေတပ်မှ အငြိမ်းစားယူခဲ့သည်။
အင်တာဗျူးတစ်ရပ်တွင် မက်ရေဗန်ကို ဟီလာရီကလင်တန်နှင့် အိုဘားမားနောက်ခံအဖြစ် ထရမ့်က ပြောဆိုရင်း ဘင်လာဒင်ကို ပိုမိုစောစီးစွာ ရှာဖွေတွေ့ရှိသင့်ကြောင်းလည်း အပြစ်ဖို့ခဲ့သည်။
သမ္မတထရမ့်သည် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လျော့ပါးစေကာ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များအတွက် ရပ်တည်ရာ ဖွဲ့စည်းရာ အခြေခံဥပဒေကိုပင် ခြိမ်းခြောက်နေကြောင်း မက်ရေဗန်က ပြောဆိုခဲ့ဖူးသည်။

















