ဗဟိုအမေရိက ရွှေ့ပြောင်းခိုလှုံသူများ ရောက်လာခြင်းကို မက္ကဆီကိုနယ်စပ်၊ တီဟွာနာ မြို့ခံများ ကန့်ကွက်ဆန္ဒပြ

ဗဟိုအမေရိက ရွှေ့ပြောင်းခိုလှုံသူများ ရောက်လာခြင်းကို မက္ကဆီကိုနယ်စပ်၊ တီဟွာနာ မြို့ခံများ ကန့်ကွက်ဆန္ဒပြ

အမေရိကန်နယ်စပ်အရောက် ခရီးနှင်လျက်ရှိသော ဗဟိုအမေရိကနိုင်ငံများမှ ခိုလှုံသူ လူအုပ်ကြီး မက္ကဆီကိုနယ်စပ် တီဟွာနာမြို့သို့ ရောက်ရှိလာခြင်းကို မြို့ခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ရွှေ့ပြောင်းခိုလှုံသူများ တီဟွာနာက အမြန်ဆုံးထွက်သွားကာ ကယ်လီဖိုးနီးယားတောင်ပိုင်းနယ်မြေထဲ သွားကြဖို့ မြို့ခံများက ဆန္ဒပြခဲ့ကြသည်။ 
"ကျူးကျော်သူတွေ၊ လက်နက်ကိုင်တွေ၊ နိုင်ငံထဲက ထွက်သွား" စသဖြင့် အော်ဟစ် ဆန္ဒပြခဲ့ကြသည်။ 
     ခိုလှုံသူများကို တားဆီးရန် မက္ကဆီကိုနှင့် အမေရိကန်တို့သည် နယ်စပ်တွင် လုံခြုံရေးများ တိုးမြှင့်ထားရှိသည်။

လာမည့် သီတင်းပတ်များတွင် ခိုလှုံသူ တစ်သောင်းခန့်ထိ အလုံးအရင်းဖြင့် တီဟွာနာမြို့သို့ ရောက်ရှိလာရန်ရှိကြောင်း၊ ထိုမျှ ပမာဏကို လက်ခံနေရာပေးရန် အခြေခံ အဆောက်အအုံ လုံလုံလောက်လောက် မရှိကြောင်း တီဟွာနာ မြို့တော်ဝန် ဟွမ် မန်နျူရယ် ဂတ်စ်တီလမ်က ပြောသည်။ 
ရှေ့ပြေးရောက်ရှိလာသော ခိုလှုံသူအနည်းငယ်ကိုပင် နေရာပေးရန် အခက်အခဲရှိနေကြောင်း၊ သောင်းချီသော ခိုလှုံသူ လူအုပ်ကြီးကို လက်ခံရန် မြို့သည် အသင့်မရှိကြောင်းဖြင့် မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။ 
    မြို့တော်ဝန် ဂတ်စ်တီလမ်၏ စကားကို ကိုးကား၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်သည်လည်း အလားတူပင် အသင့်ပြင်ဆင်ထားခြင်း မရှိကြောင်း၊ ခိုလှုံသူများသည် မက္ကဆီကိုတွင် ပြဿနာမီးပွား ကြီးထွားအောင် လုပ်နေကြောင်း၊ အိမ်ပြန်ကြတာ အကောင်းဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့်က မှတ်ချက်ပေးသည်။ 
    ခိုလှုံသူများ ရောက်ရှိလာခြင်းကို ထောက်ခံဆန္ဒပြသူအချို့လည်း ရှိခဲ့ပြီး ထိုသူများသည် ဟွန်ဒူးရပ်စ်၊ ဂွာတီမာလာ၊ အယ်ဆာဗေဒိုး စသည့် ဗဟိုအမေရိကနိုင်ငံများမှ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ အစိုးရဖိနှိပ်မှုများဒဏ်မှ ထွက်ပြေးလာသူများဖြစ်ကာ မက္ကဆီကိုနိုင်ငံကိုဖြတ်ပြီး အမေရိကန်သို့ ဝင်ရောက်ခိုလှုံခွင့် တောင်းခံပိုင်ခွင့်ရှိကြောင်း ထောက်ခံဆန္ဒပြသူများက ဆိုထားသည်။