အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် နိုင်ငံမှ ထွက်ခွာခွင့် တားမြစ်ခံထားရသော ပီရူး သမ္မတဟောင်း အလန် ဂါစီယာသည် ဥရုဂွေး သံရုံးတွင် ခိုလှုံခွင့် တောင်းခံထားသည်။
ပီရူးမြို့တော် လီမာတွင် မြို့ပတ်ရထားလိုင်း တည်ဆောက်ရေး ကန်ထရိုက်ချထားပေးရာ၌ ဘရာဇီး အခြေစိုက် အိုဒီဘရတ် ဆောက်လုပ်ရေးလုပ်ငန်းထံမှ လာဘ်ငွေ ရယူမှုဖြင့် သမ္မတဟောင်း အလန် ဂါစီယာ စွပ်စွဲခံထားရသည်။
သမ္မတအဖြစ် နှစ်ကြိမ်တိုင်တိုင် ထမ်းဆောင်ခဲ့သော မစ္စတာ ဂါစီယာက စွပ်စွဲချက်များကို ငြင်းဆိုထားပြီး နိုင်ငံရေး အကွက်ချ လုပ်ကြံခံရခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
စုံစမ်းစစ်ဆေးမှု ကာလအတွင်း မစ္စတာ ဂါစီယာကို နိုင်ငံမှ ထွက်ခွာခွင့်မပြုကြောင်း တရားရုံးက အမိန့်ထုတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပင် မစ္စတာ ဂါစီယာက လီမာမြို့ရှိ ဥရုဂွေး သံရုံးတွင် ခိုလှုံခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ပီရူး နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုသည်။
ခိုလှုံခွင့် တောင်းခံမှုကို ဥရုဂွေး အစိုးရက စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပီရူး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
မစ္စတာ ဂါစီယာကို ခိုလှုံခွင့် ပေးမည် မပေးမည်ကို ဥရုဂွေး အစိုးရက အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးပေ။
လာဘ်စားမှု စွဲချက်သည် သမ္မတဟောင်း ဂါစီယာ၏ ၂၀ဝ၆ မှ ၂၀၁၁ ခုနှစ်ထိ သမ္မတသက်တမ်း ဒုတိယကာလနှင့် ပတ်သက်နေသည်။
မစ္စတာ ဂါစီယာသည် ၁၉၈၅ မှ ၁၉၉၀ ခုနှစ်ထိလည်း ပီရူးသမ္မတအဖြစ် ပထမအကြိမ် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

















