ကုလသမဂ္ဂ၏ တောင်းဆိုမှုကြောင့် ယီမင်ပြည်တွင်းစစ်တွင် ဟူသီ သူပုန်များ အပစ်အခတ် အရှိန်လျှော့ချပေး

ကုလသမဂ္ဂ၏ တောင်းဆိုမှုကြောင့် ယီမင်ပြည်တွင်းစစ်တွင် ဟူသီ သူပုန်များ အပစ်အခတ် အရှိန်လျှော့ချပေး

ကုလသမဂ္ဂ၏ တောင်းဆိုမှုကြောင့် ယီမင်ပြည်တွင်းစစ်အတွင်း ဆော်ဒီဦးဆောင်သော မဟာမိတ်များကို ဒရုန်းနှင့် ဒုုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်လျှော့ချထားကြောင်း ဟူသီ သူပုန်များက နိုဝင်ဘာ ၁၉ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ယီမင် အဓိကဆိပ်ကမ်းမြို့ ဟူဒေဒါကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ အရှိန်လျှော့ချမည်ဟု ဆော်ဒီ ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဟူသီ သူပုန်များကလည်း အလားတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
သုံးနှစ်ကြာမြင့်လာပြီဖြစ်သော ယီမင်ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂသည် စေ့စပ်ညှိနှိုင်းပေးရန် ကြိုးပမ်းလျက်ရှိသည်။ 
ပြည်တွင်းစစ်ကြောင့် ပြည်သူ ထောင်သောင်းချီ သေဆုံးကာ နိုင်ငံသည် အငတ်ဘေးဆိုက်မည့် အနေအထားသို့ ရောက်ရှိနေရသည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် မာတင် ဂရစ်ဖစ်နှင့် အဆက်အသွယ်ရပြီးနောက် အပစ်အခတ် လျှော့ချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဟူသီ တော်လှန်ရေး ကော်မတီ အကြီးအကဲ မိုဟမ္မဒ် အလီ အယ်လ်-ဟူသီက ထုတ်ပြန်ပြောကြားသည်။ 
ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များဘက်က ငြိမ်းချမ်းရေး လိုလားပါက ဟူသီ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ် ရပ်စဲရေး ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
    ကုလသမဂ္ဂ ဦးဆောင်သော ကြားခံညှိနှိုင်းရေး လုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ဆော်ဒီနှင့် ယူအေအီးတို့ကလည်း ထုတ်ပြန်ကြေညာထားသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂရစ်ဖစ်ကလည်း ဆွေးနွေးပွဲကို နှစ်ကုန်တွင် ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 
    ဆော်ဒီ မဟာမိတ်များဘက်နှင့် ဟူသီများဘက် နှစ်ဘက်လုံးထံမှ စေ့စပ်ညှိနှိုင်းပွဲသို့ တက်ရောက်ရန် ကတိကဝတ် ရရှိထားပြီဖြစ်ကြောင်း မစ္စတာ ဂရစ်ဖစ်က ပြောသည်။

လိုအပ်ပါက ဆာနာမြို့မှ လာမည့် ဟူသီ သူပုန်အဖွဲ့ ကိုယ်စားလှယ်များကို အဖော်ပြုလိုက်ပါရန်ပါ အဆင်သင့်ရှိကြောင်း မစ္စတာ ဂရစ်ဖစ်က ပြောသည်။

ဟူသီ သူပုန်များသည် ယခုနှစ် စက်တင်ဘာတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ဖူးသည်။