တောင်ဥက္ကလာပမြို့နယ်တွင် ကိုရီးယားနိုင်ငံသား၏ ယာဉ်မောင်းဝန်ထမ်းဟောင်းက ကားကိုခိုး ယူရောင်းချခဲ့မှုအား သက်ဆိုင်ရာက မုံရွာမြို့နယ်တွင် နိုဝင်ဘာ ၁၈ ရက်၌ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၆ နာရီခန့်တွင် ဗဟန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားရာ၌ တောင်ဥက္ကလာပမြို့နယ်နေ ကိုးရီယားနိုင်ငံသားတစ်ဦးထံ ၎င်းပိုင်ယာဉ် TOYOTA CROWN အဖြူရောင်ယာဉ်ကို လုပ်ငန်းသုံးရန် ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့အပ်နှံထားစဉ် နိုဝင်ဘာ ၁၈ ရက် နံနက် ၆ နာရီ တွင်ပျောက်ဆုံးသွားကြောင်းဆက် သွယ်အကြောင်းကြားသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ တောင်ဥက္ကလာပမြို့မရဲစခန်း က(ပ)၁၂၄၂/၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့် စုံစမ်းခဲ့သည်။
ယခင်ကယာဉ်မောင်းလုပ်ကိုင်ခဲ့ဖူးပြီး အောက်တိုဘာ ၈ ရက်တွင် ကားပျက်သည့်ကိစ္စစကားများရန်ဖြစ်ရာမှ အလုပ်မှထုတ်ပယ်ခဲ့သည့် အလုံမြို့နယ်၊ အမှတ်(၂) သစ်စက်ဝင်းနေ ဝင်းသူထွန်း (၃၂)နှစ်ကို အမှုဖြင့် မသင်္ကာသဖြင့် သက်ဆိုင်ရာက စုံစမ်းခဲ့သည်။
၄င်းမှာ မုံရွာမြို့တွင်ရောက်ရှိနေကြောင်း သိရသဖြင့် မုံရွာမြို့မရဲစခန်းမှတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကာ ဝင်းသူထွန်းကို မုံရွာမြို့၊ ကမ္ဘာဇဘဏ်ခွဲ(၃)အရှေ့တွင် တွေ့ရှိ၍ ခေါ်ယူမေးမြန်းခဲ့သည်။
၎င်းက ကားခိုးမှုကိုကျူးလွန်ခဲ့ပြီး ယာဉ်ကို မန္တလေးမြို့တွင် ငွေသိန်း(၄၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းခိုးယူခဲ့သည့် ယာဉ်ကို ရောင်းချထားသည့်နေရာမှ ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖြင့် ဆက်လက် အရေးယူထားသည်။

















