တိုက်ကြီးတိုးဂိတ်တွင် ကြက်တူရွေး ၁၀၆ ကောင်တရားမဝင်သယ်ဆောင်လာသူ နှစ်ဦးကို နိုဝင်ဘာ ၁၇ ရက်က အမှုဖွင့် အရေးယူခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးအောင်အောင်စိုးနှင့်အဖွဲ့သည် တိုက်ကြီးတိုးဂိတ်သို့ဖြတ်သန်းမောင်းနှင်သည့် ယာဉ်များကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးနေစဉ် သာယာဝတီမှ ရန်ကုန်သို့ ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်းသန်းထွန်းအောင်(၅၂ နှစ်)မောင်းနှင်ပြီး ဦးလှထွန်း (၆၀နှစ်)လိုက်ပါလာသည့် တိုယိုတာပရိုဘောက်စ်ယာဉ်ကို စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်နောက်ခန်းတွင် တောင်းငါး လုံးဖြင့်ထည့်ထားသည့် ကျေးမျိုးများစာရင်းဝင် ကြက်တူရွေး ၁၀၆ ကောင်ကို တရားမဝင်သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် တိုက်ကြီးမြို့မရဲစခန်းက(ပ)၁၀၃၈/၁၈ ဇီဝမျိုးစုံ၊မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀(က) အရ အမှုဖွင့်အရေးယူခဲ့သည်။

















