မူးယစ်ဆေးရောင်းချသုံးစွဲသူ ခုနစ်ဦးကို ဖမ်းမိ

မူးယစ်ဆေးရောင်းချသုံးစွဲသူ ခုနစ်ဦးကို ဖမ်းမိ

လွိုင်လင်မြို့နယ် ကာလိမြို့တွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူ ခုနစ်ဦးကို ကျပ်သိန်း တစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ သက်ဆိုင်ရာက နိုဝင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကာလိမြို့ ရပ်ကွက်(၅)နေ ပူကျောင်း ၅၆ နှစ်နေအိမ်၌ မူးယစ်သတင်းအရ မူးယစ်ရဲတပ်ဖွဲ့စု(၂၇) လွိုင်လင်နှင့် ကာလိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါ နေအိမ်တွင် ပူကျောင်းနှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိနေကြသည့် စိုင်းမတ် ၂၅ နှစ်၊ အောင်ဆာ ၃၉ နှစ်၊ အိန္ဒက ၃၄ နှစ်၊ စိုင်းပီး ၃၉ နှစ်၊ ကျော်အောင်(ခ) အိုက်လွယ် ၃၃ နှစ်တို့ကို တွေ့ရှိခဲ့သည်။ 
၎င်းတို့ ခြောက်ဦးထိုင်နေသည့် အလယ်တွင်ရှိသော ဘေးလွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၆ ပြား ကျပ် ၂၆သိန်းဖိုး၊ ဘိန်းဖြူ ၅၈ ဂရမ် ကျပ် ၁၄ သိန်းကျော်ဖိုးတို့နှင့်အတူ လက်ကိုင်ဖုန်း တစ်လုံး၊ ခြံဝင်းအတွင်းရပ်ထားသည့် ၎င်းတို့စီးနင်းသည့် မော်တော်ဆိုင်ကယ် ၃ စီးတို့ကို ဆက်လက်သိမ်းဆည်းခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများကို ကာလိမြို့ ရပ်ကွက်(၅)နေ စိုင်းလျန်း(ခ)အိုက်လျန်း ထံမှ ဝယ်ယူကြောင်း သိရသဖြင့် စိုင်းလျန်း(ခ)အိုက်လျန်း ၃၃ နှစ် ၏ နေအိမ်ကို ဆက်လက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်ခြံဝင်းအတွင်းရှိ အုတ်တံတိုင်းအနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၇၀ ပြား (ကျပ် ၆၅ သိန်းကျော်ဖိုးနှင့်ရေစိုပျက်စီးနေသည့်စိတ်ကြွရူးသွပ်ဆေးပြားအလေးချိန် ၁၁၀ ဂရမ် ကျပ် ၉ သိန်းကျော်ဖိုးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် မြန်မာငွေ ၄ သိန်းကျော်ကို ဆက်လက် သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ခုနစ်ဦးကို ကာလိ နယ်မြေရဲစခန်းက မူးယစ်ဥပဒေပုဒ်မအရ အမှုဖွင့်အရေးယူထားသည်။