(GTI) ကျောင်းသားထံမှ ဖုန်းလုယက် သတ်ဖြတ်ခဲ့သူ သုံးဦးကို သေဒဏ်နှင့် ထောင်ဒဏ်များချမှတ်

(GTI) ကျောင်းသားထံမှ ဖုန်းလုယက် သတ်ဖြတ်ခဲ့သူ သုံးဦးကို သေဒဏ်နှင့် ထောင်ဒဏ်များချမှတ်

ကျောက်ဆည်မြို့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) စက်မှုစွမ်းအား တတိယနှစ်ကျောင်းသားထံမှ ဖုန်းလုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့သူ သုံးဦးကို ကျောက်ဆည်ခရိုင်တရားရုံးက နိုဝင်ဘာ ၁၉ ရက်တွင် သေဒဏ်နှင့်ထောင်ဒဏ်အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း က ပြောသည်။ 

ယခုနှစ် သြဂုတ် ၂၉ ရက် ည ၁၀ နာရီခန့်တွင် ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) စက်မှုစွမ်းအား တတိယနှစ်ကျောင်းသား နေမင်းထက်နှင့် ၄င်း၏ သူငယ်ချင်းတို့ နှစ်ဦးမှာဆိုင်ကယ်စီး နင်းထွက်လာခဲ့သည်။
ထိုစဉ် ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက်အတွင်း ရန်ကုန်မန္တလေးအဝေးပြေးကား လမ်းမပေါ် အရောက် အမည်မသိလူသုံးဦးရောက်ရှိလာပြီး နေမင်းထက်ထံမှ လက်ကိုင်ဖုန်းကို တောင်းယူပြီးနောက် ဝိုင်းဝန်းထိုးကြိတ်ပြီး ဓါးဖြင့်ထိုးသဖြင့် သေဆုံးခဲ့သောအမှုဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ စီစီတီဗီမှတ်တမ်းများအရ ပြစ်မှုကျူးလွန်သူ သုံးဦးတို့ဖြစ်သည့် အောင်သူဟိန်း၊ မင်းခန့်ကျော်(ခ)အလီဘိုင်နှင့် မင်းချစ်အောင်(ခ)ဖိုးချစ်တို့ ကို ရဲတပ်ဖွဲ့က ညတွင်းချင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ကျောက်ဆည် မြို့မရဲစခန်းက (ပ) ၇၃၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄/၁၁၄ အရ အမှုဖွင့်အရေးယူခဲ့သည်။ 
ထို့ပြင် အမှုဖြင့် ဖမ်းဆီးထားသူ သုံးဦးကို ကျောက်ဆည်မြို့နယ်တရားရုံး၏ ဒုတိယအကြိမ်မြောက် ချုပ်ရက်ရမန်ရယူပြီးနောက် ရဲတပ်ဖွဲ့က အလီဘိုင်(ခ)မင်းခန့်ကျော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄ အရလည်းကောင်း၊ အောင်သူဟိန်းနှင့် မင်းချစ်အောင်တို့ နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၄/၁၁၄အရလည်းကောင်း၊ အလီဘိုင်(ခ)မင်းခန့်ကျော်၊ အောင်သူဟိန်း၊ မင်းချစ်အောင်တို့ သုံးဦးလုံးကို လက်နက်ဥပဒေ ပုဒ်မ ၁၉(င)အရလည်းကောင်း၊ အောင်သူဟိန်းကို အခင်းဖြစ်စဉ် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်း အသုံးပြုခဲ့သည့်အတွက် ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရလည်းကောင်း ထပ်မံ တရားစွဲဆိုခဲ့သည်။ 
အမှုကို စက်တင်ဘာ ၂၅ ရက်တွင် ကျောက်ဆည်ခရိုင်တရားရုံးက ရာဇဝတ်အမှုကြီး အမှတ် ၁၄/၂၀၁၈ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။ အမှုစစ်ဆေးနေစဉ်အတွင်း ဝန်ရံသူများနှင့် စိတ်ပါဝင်စားသူများစွာက စောင့်ကြည့်ခဲ့ကြသည်။

နိုဝင်ဘာ ၁၉ ရက် ရုံးချိန်းတွင် နှစ်ဖက်အကျိုးဆောင်များ၏ လျှောက်လဲချက်များကို ကြားနာခဲ့ပြီးနောက် အမိန့်ချမှတ်ခဲ့သည်။

ကျောက်ဆည်ခရိုင်တရားရုံး၏ အမိန့်တွင် ကျူးလွန်သူတရားခံ သုံးဦးအနက် ဓားဖြင့်ထိုးခဲ့သူ အောင်သူဟိန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ်အမိန့်နှင့် ပိုကုန့်သွင်းကုန်ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် ၆ လကိုလည်းကောင်း၊ မင်းခန့်ကျော် (ခ)အလီဘိုင် ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ အရထောင်ဒဏ် နှစ်၂၀ နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ အရ အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ကိုလည်းကောင်း၊ မင်းချစ်အောင်(ခ)ဖိုးချစ်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ အရထောင်ဒဏ်နှစ်၂၀ နှင့် လက်နက်ဥပဒေပုဒ်မ အရ အလုပ်နှင့်ထောင်ဒဏ် ၆ လကိုလည်းကောင်း၊ အသီးသီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ 
" စီစီတီဗီမှတ်တမ်းရယ်၊ ပြစ်မှုကျူးလွန်တဲ့သူက ဝန်ခံတာကြောင့်ရယ် အမှုက မြန်မြန်ဆန်ဆန်ပြီးစီးသွားတာပါ။ တရားမျှတမှုလည်းရှိပါတယ် " ဟု ကျောက်ဆည်မြို့တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။