ယီမင် အဓိကဆိပ်ကမ်းမြို့ ဟူဒေဒါတွင် အပစ်အခတ်များလျှော့ချရေးအတွက် ဆော်ဒီဦးဆောင်သောမဟာမိတ်များနှင့် ဟူသီသူပုန်များသဘောတူထားသည့်တိုင် နိုဝင်ဘာ ၁၉ တွင် ပစ်ခတ်မှုများအရှိန်ပြန်မြင့်ခဲ့သည်။
ဟူသီသူပုန်တပ်ဖွဲ့များနှင့် ယီမင် အစိုးရတပ်များအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်တွင် ဆော်ဒီမဟာမိတ်လေကြောင်းများကဟူသီပစ်မှတ်များကိုအပြင်းအထန် တိုက်ခိုက်ခဲ့သည်။
လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းအကြီးစား ဖြစ်ပွားနေရသောသုံးနှစ်ကြာယီမင်ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေးကုလသမဂ္ဂက ကြိုးပမ်းလျက်ရှိသည်။
တိုက်ပွဲများကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့ကာ ပြည်သူသန်းဂဏန်းသည်လည်းငတ်မွတ်မှုဘေးနှင့် ရင်ဆိုင်နေရသည်။
နိုဝင်ဘာ ၁၉ တွင် ဟူသီများထိန်းချုပ်ထားသည့် ဟူဒေဒါ မြို့စွန်ပိုင်းတွင် ပစ်ခတ်သံများ ကြားရပြီး၊ ဆော်ဒီမဟာမိတ်လေယာဉ်များကလည်းအပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့သည်။
ကုလသမဂ္ဂ၏ တောင်းဆိုမှုကြောင့် ဆော်ဒီမဟာမိတ်များဘက်ကလေကြောင်းတိုက်ခိုက်မှု လျှော့ချမည်ဖြစ်သလို၊ ဟူသီများဘက်ကလည်းဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှု လျှော့ချမည်ဟုကြေညာပြီးတစ်ရက်အကြာမှာပင် တိုက်ပွဲများအရှိန်ပြန်မြင့်လာခြင်းဖြစ်သည်။
နှစ်ကုန်မတိုင်မီယီမင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနိုင်မည်ဟုမျှော်လင့်ကြောင်းယီမင်ဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာတင် ဂရစ်ဖစ်ကပြောသည်။
ဟူဒေဒါ ဆိပ်ကမ်းမြို့သည် ယီမင်ပြည်သူသုံးပုံ နှစ်ပုံ၏ အသက်သွေးကြောဖြစ်သည်။ စားနပ်ရိက္ခာ၊ လောင်စာဆီ၊ ဆေးဝါးအားလုံးကိုဟူဒေဒါဆိပ်ကမ်းမှ တင်သွင်းကာ နိုင်ငံအတွင်း ဖြန့်ဖြူးနေရခြင်းဖြစ်သည်။

















