တရုတ်သမ္မတရှီကျင့်ဖျင် ဖိလစ်ပိုင်ရောက်ရှိ၊ လက်ဝဲဝါဒီအချို့က ရှီကို ဆန့်ကျင်ဆန္ဒပြ

တရုတ်သမ္မတရှီကျင့်ဖျင် ဖိလစ်ပိုင်ရောက်ရှိ၊ လက်ဝဲဝါဒီအချို့က ရှီကို ဆန့်ကျင်ဆန္ဒပြ

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာသို့ နိုဝင်ဘာ ၂၀ ရက်တွင် ရောက်ရှိခဲ့ပြီး ၎င်းကို ဖိလစ်ပိုင်အစိုးရထိပ်တန်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာအရာရှိများက ကြိုဆိုခဲ့ကြသည်။

မနီလာ၌ တရုတ်သမ္မတရှီကို ဆန့်ကျင်သည့် ဆန္ဒပြမှုများလည်းရှိခဲ့သည်။ လက်ဝဲဝါဒီဆန္ဒပြသူများသည် ဖိလစ်ပိုင်ကိုရောင်းရန်မဟုတ်နှင့် တို့မြေ၊ တို့ရေကိုမထိနဲ့ ဟု ရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့သည်။
    ရှီ၏ခရီးစဉ်သည် ၁၃ နှစ်တာကာလအတွင်း တရုတ်သမ္မတတစ်ဦး ဖိလစ်ပိုင်သို့ ပထမဆုံးအကြိမ်လာရောက်ခြင်းလည်းဖြစ်သည်။

နိုင်ငံခြားရေးမူဝါဒကို အမေရိကန်ပြည်ထောင်စုမှ ဖယ်ခွာပြီး တရုတ်ဘက်သို့ ပိုယိမ်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ကြေညာပြီး နှစ်နှစ်အကြာတွင် ရှီ ဖိလစ်ပိုင်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒူတာတေးက ရှီသည် မဟာခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သည်။
    ရှီသည် မနီလာရှိ ဖိလစ်ပိုင်အမျိုးသားသူရဲကောင်း ဟိုဆေးရီဇာ၏ ဂူဗိမာန်တွင် ပန်းခွေချခဲ့သည်။ ရှီသည် ဒူတာတေးကို ချီးကျူးခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် မိုးရွာပြီးနောက် သက်တံပေါ်လာခြင်းနှင့်တူကြောင်း ပြောဆိုခဲ့ကာ တောင်တရုတ်ပင်လယ်တွင်းရေပိုင်နက်အငြင်းပွားမှုကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းလိုကြောင်း တောင်းဆိုခဲ့သည်။

ဒူတာတေး၏ တရုတ်နှင့်ပတ်သက်သော ရပ်တည်ချက်ကို နိုင်ငံသားများက များစွာနှစ်သက်ခြင်းမရှိကြောင်း စစ်တမ်းများက ဆိုသည်။
    တောင်တရုတ်ပင်လယ်တွင်း တရုတ်က ကျွန်းဟောင်းပြုပြင်ခြင်းကို မဆန့်ကျင်ခြင်းသည် မှားယွင်းကြောင်း ဖိလစ်ပိုင်နိုင်ငံသား ၈၄ ရာခိုင်နှုန်းကပြောဆိုခဲ့ပြီး ဖိလစ်ပိုင်စစ်အင်အားကို တိုးမြှင့်ခြင်းသည် မှန်ကန်ကြောင်း ၈၆ ရာခိုင်နှုန်းကပြောဆိုခဲ့သည်ဟု လူမှုရေးမိုးလေဝသဌာန အမည်ရှိ စစ်တမ်းကုမ္ပဏီက နိုဝင်ဘာ ၁၉ ရက်တွင် ထုတြ်ပန်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားသည်။ 
ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသားအများစုသည် အမေရိကန်ကိုယုံကြည်နေဆဲဖြစ်ပြီး တရုတ်အပေါ်သံသယရှိကြောင်း စက်တင်ဘာတွင် လူ ၁၂၀ဝ ဦးကိုကောက်ယူခဲ့သည့် စစ်တမ်းတွင်လည်း ဖော်ပြထားသည်။
    သမ္မတဒူတာတေး၏မဟာဗျူဟာသည် ထိပ်တိုက်ဆုံခြင်းဆိုသည့် ငရဲကိုရှောင်ရှားပြီး တစ်ချိန်တည်းမှာပင် တိုးတက်လာသော စီးပွားရေးအကျိုးစီးပွားများကို ခံစားရန်ဖြစ်ကြောင်း သမ္မတ၏ပြောခွင့်ရှိသူ ဆယ်လ်ဗေဒါပါနဲလိုက ပြောဆိုခဲ့သည်။ 
    ဒူတာတေးရှေ့က သမ္မတ ဘဲနစ်နို အကွီနိုလက်ထက်တွင် မဟာဗျူဟာကျသော သင်္ဘောသွားလမ်းကြောင်းနှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားပြီးနောက် နိုင်ငံတကာခုံရုံးသို့ ဖြေရှင်းပေးရန် လျှောက်ထားခဲ့သည်။ 
ခုံရုံးက ဖိလစ်ပိုင်ဘက်မှ ဆုံးဖြတ်ပေးခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကို တရုတ်က လိုက်နာခြင်းမရှိခဲ့ချေ။
    ခုံရုံး၏ဖြေရှင်းချက်ကို တရုတ်လိုက်နာလာရေး ဖိအားပေးရန် အလျင်မလိုကြောင်း ဒူတာတေးက ပြောဆိုထားပြီးဖြစ်သည်။
ဒူတာတေးနှင့် ရှီတို့သည် တရုတ်၏ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်စီမံကိန်းနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်အရာရှိနှစ်ဦးက အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။