သမ္မတထရမ့်၏သမီး အိုင်ဗန်ကာထရမ့်က ပုဂ္ဂိုလ်ရေးအီးမေးလ်ကို အိမ်ဖြူတော်လုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း အတည်ပြု

သမ္မတထရမ့်၏သမီး အိုင်ဗန်ကာထရမ့်က ပုဂ္ဂိုလ်ရေးအီးမေးလ်ကို အိမ်ဖြူတော်လုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏သမီး အိုင်ဗန်ကာထရမ့်သည် လွန်ခဲ့သည့်နှစ်က ၄င်း၏ပုဂ္ဂိုလ်ရေး အီးမေးလ်အကောင့်ကို အိမ်ဖြူတော်လုပ်ငန်းဆောင်တာများအတွက် အသုံးပြုခဲ့ကြောင်း အစိုးရအရာရှိများက အတည်ပြုခဲ့သည်။

ထရမ့်သည် ၂၀၁၆ ခုနှစ်တွင် ပြိုင်ဘက်ဖြစ်သူ ထိုစဉ်က နိုင်ငံရေးဝန်ကြီး ဟီလာရီကလင်တန်အနေဖြင့် ပုဂ္ဂိုလ်ရေး အီးမေးလ်ကို နိုင်ငံခြားရေးရုံးတွင်အသုံးပြုခြင်းဖြင့် အမေရိကန်ပြည်ထောင်စုအား အန္တရာယ်တွင်းဆွဲသွင်းခဲ့ကြောင်း အပြင်းအထန် စွပ်စွဲခဲ့ဖူးသည်။ 
    အိုင်ဗန်ကာသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာနှင့် ပုဂ္ဂိုလ်ရေးကိစ္စအများစုဖြစ်သည့် အချက်အလက်များကို ယင်းအီးမေးလ်အသုံးပြု၍ အိမ်ဖြူတော်အရာရှိများနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ယင်းသည် ပြည်ထောင်စုဥပဒေများကို ချိုးဖောက်မှုဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။ အိုင်ဗင်ကာ၏အီးမေးလ်ဆက်သွယ်မှုတွင် လုံခြုံမှုအဆင့်ရှိ အချက်အလက်များမပါကြောင်း၊ အခြေခံအားဖြင့် စည်းမျဉ်းနားလည်မှုအားနည်းခဲ့၍ဖြစ်ကြောင်း၊ နားလည်သွားပြီးနောက် ဆက်လက်သုံးစွဲခြင်းမပြုတော့ကြောင်း ထရမ့်အစိုးရအရာရှိ တစ်ဦးက စီဘီအက်စ်နယူးစ်သို့ ပြောဆိုခဲ့သည်။
    သမ္မတမိသားစုသည် ဥပဒေအထက်တွင်မရှိကြောင်း၊ လွှတ်တော်က စုံစမ်းသင့်ကြောင်း အမေရိကန်အိုဗာဆိုက် အုပ်စုက ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ မဲဆွယ်ပွဲတွင် ထရမ့်က ဟီလာရီ၏ပုဂ္ဂိုလ်ရေးအီးမေးလ်နှင့် ရုံးဌာနအီးမေးလ် ဆက်သွယ်ခဲ့မှုသည် ဝါးတားဂိတ်အရှုပ်တော်ပုံထက် ပိုမိုဆိုးရွားကြောင်း၊ အမေရိကန်လုံခြုံရေးအတွက် ထိခိုက်မှုဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုတိုက်ခိုက်ခဲ့သည်။
    အက်ဖ်ဘီအိုင်သည် ဟီလာရီ၏အီးမေးလ်အသုံးပြုမှုကို နှစ်ကြိမ်တိုင်တိုင် စစ်ဆေးခဲ့ပြီး စွဲချက်တင်အရေးယူမှု မရှိခဲ့သော်လည်း ဟီလာရီနှင့်၄င်းလက်ထောက်များသည် လုံခြုံမှုအဆင့်ရှိ အချက်အလက်များကို ဂရုမမူခဲ့ကြကြောင်း ပြောဆိုခဲ့သည်။