မဲလ်ဘုန်း၌ လူအစုအပြုံလိုက်သတ်ဖြတ်ရန် စီစဉ်နေသူသုံးဦးကို ရဲက ဖော်ထုတ်ဖမ်းဆီး

မဲလ်ဘုန်း၌ လူအစုအပြုံလိုက်သတ်ဖြတ်ရန် စီစဉ်နေသူသုံးဦးကို ရဲက ဖော်ထုတ်ဖမ်းဆီး

သြစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့တွင် လူအစုအပြုံလိုက်အကြမ်းဖက်သတ်ဖြတ်ရန်စီစဉ်နေသူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ကြေညာသည်။

လူထူထပ်သောနေရာတွင် လူများနိုင်သမျှများများကို ပစ်ခတ်သတ်ဖြတ်နိုင်ရန်အတွက် ထိုလူစုသည် တစ်ပိုင်းအော်တိုမတ်တစ်သေနတ်များဝယ်ယူရန် အားထုတ်နေကြောင်း သက်ဆိုင်ရာကပြောသည်။

ထိုသုံးဦးသည် အသက်၂၁၊ ၂၆ နှင့် ၃၀ အရွယ်များဖြစ်သည်။ ထိုသုံးဦးကို ဖော်ထုတ်လိုက်နိုင်သဖြင့် လောလောဆယ်တွင် အများပြည်သူအတွက် ရေတိုအားဖြင့်အန္တရာယ်ကင်းသွားပြီဟု ဆိုနိုင်ကြောင်း မဲလ်ဘုန်းကော်မရှင်နာမင်းကြီး ဂရေဟမ်အက်ရှ်တန်က ပြောသည်။ 
ထိုသုံးဦးသည် အကြမ်းဖက်တိုက်ခိုက်မည့်နေရာကို အပြီးသတ်ရွေးချယ်ရသေးခြင်းမရှိသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း အစီအစဉ်များ အင်တိုက်အားတိုက်လုပ်လာခဲ့ကြောင်း မစ္စတာအက်ရှ်တန်က ပြောသည်။

ထိုသုံးဦးကို သံသယရှိသောကြောင့် ပြီးခဲ့သောနှစ်က စတင်ခြေရာခံစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ သုံးဦးလုံးသည် တူရကီနွယ်ဖွားသြစတြေးလျနိုင်ငံသားများဖြစ်သည်။
ပြည်ပသို့ထွက်ကာ အကြမ်းဖက်ကွန်ရက်များနှင့်ချိတ်ဆက်မည်စိုးရိမ်ရသောကြောင့်လည်း ထိုသုံးဦး၏ပတ်စ်ပို့များကို ပြီးခဲ့သည့်လပိုင်းများကစတင်ကာ ပိတ်ထားခဲ့သည်။
မဲလ်ဘုန်းမြို့အနောက်မြောက်ပိုင်းကို နိုဝင်ဘာ၂၀ရက်က ရဲတပ်ဖွဲ့ကစီးနင်းရှာဖွေကာ ထိုသုံးဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်ဦးသည်ညီအစ်ကိုတော်စပ်ကြောင်းလည်း ရဲတပ်ဖွဲ့ကပြောသည်။
ယခုလဆန်းပိုင်းကလည်း မဲလ်ဘုန်းမြို့တွင် ဓားကိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကာ တစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှှုုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားသည်။