အိမ်ဖြူတော်ဝင်ခွင့် အပိတ်ခံရသောစီအင်န်အင်န် သတင်းထောက် ဝင်ခွင့်ပြန်လည်ရရှိ

အိမ်ဖြူတော်ဝင်ခွင့် အပိတ်ခံရသောစီအင်န်အင်န် သတင်းထောက် ဝင်ခွင့်ပြန်လည်ရရှိ

သတင်းစာရှင်းလင်းပွဲတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် စကားများပြီးနောက် အိမ်ဖြူတော်ဝင်ခွင့် အပိတ်ခံခဲ့ရသောစီအင်န်အင်န် သတင်းထောက် ဂျင်မ် အကော်စတာကို ဝင်ခွင့်ပြန်ပေးလိုက်ပြီဖြစ်သည်။ 

မစ္စတာအကော်စတာကို အိမ်ဖြူတော်ဝင်ခွင့် ပိတ်ပင်မှုနှင့် ပတ်သက်ပြီးစီအင်န်အင်န် သတင်းဌာနကတရားစွဲဆိုခဲ့ပြီးနောက် တရားသူကြီးကမစ္စတာအကော်စတာကို အိမ်ဖြူတော်ဝင်ခွင့်ပေးရန် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် အိမ်ဖြူတော်ကလိုက်နာဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် နောင်သတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များလိုက်နာရမည့် စည်းကမ်းချက်အသစ်များကိုလည်း အိမ်ဖြူတော်ကပူးတွဲထုတ်ပြန်လိုက်ကြောင်း တွေ့ရသည်။ 
သတင်းထောက်တစ်ဦးလျှင် မေးခွန်းတစ်ခုသာ မေးခွင့်ပြုကြောင်းကန့်သတ်လိုက်ပြီး၊ ထိုမေးခွန်းနှင့် ပတ်သက်သော နောက်ဆက်တွဲမေးခွန်းများ မေးလိုပါက သမ္မတသို့မဟုတ် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူကခွင့်ပြုမှ မေးခွင့်ရမည့် ကန့်သတ်ချက်လည်း ပါဝင်သည်။ 
စည်းကမ်းချက်အသစ်များကို မစ္စတာအကော်စတာသည် လိုက်နာခြင်းမရှိပါက ပိုပြင်းထန်စွာအရေးယူခံရမည်ဟုလည်း အိမ်ဖြူတော်က မစ္စတာအကော်စတာထံပေးပို့သောစာတွင် ဖော်ပြထားသည်။ 
    သမ္မတထရမ့်ကလည်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များယဉ်ကျေးမှုမရှိပါက ၎င်းသည် သတင်းခန်းမှ ထထွက်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

နိုဝင်ဘာ ၈ ရက်၌  မစ္စတာအကော်စတာက သမ္မတထရမ့်ကို နောက်ဆက်တွဲမေးခွန်းမေးရန် အားထုတ်ရာသမ္မတထရမ့်က မဖြေဘဲ မစ္စတာအကော်စတာကို ထိုင်ခိုင်းကာအိမ်ဖြူတော် ဝန်ထမ်းတစ်ဦးကလည်းမစ္စတာအကော်စတာလက်ထဲမှ မိုက်ခရိုဖုန်းကိုဝင်လုယူရန် ကြိုးပမ်းခဲ့သည်။ 
သမ္မတထရမ့်က မစ္စတာအကော်စတာကို ယဉ်ကျေးမှုမရှိသူဟုပုတ်ခတ်ပြောဆိုခဲ့ပြီး နောက်တစ်နေ့တွင် မစ္စတာအကော်စတာသည် အိမ်ဖြူတော်ဝင်ခွင့် ပိတ်သိမ်းခံခဲ့ရသည်။