အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ရှိ ဆေးရုံတစ်ရုံတွင် သေနတ်ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ဆရာဝန်တစ်ဦး၊ ဆေးဘက် လက်ထောက်တစ်ဦး၊ ရဲအရာရှိတစ်ဦးတို့သေဆုံးပြီး ပစ်ခတ်သူသေနတ်သမားလည်း သေဆုံးခဲ့သည်။
ဆေးဝန်ထမ်းနှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး သေနတ်သမားသည် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလော၊ ရဲနှင့် ပစ်ခတ်ရာတွင်သေဆုံးခြင်းလော ကွဲပြားမှုမရှိသေးပေ။
နိုဝင်ဘာ ၁၉ ရက် ချီကာဂိုစံတော်ချိန် မွန်းလွဲသုံးနာရီခန့်တွင် မာစီဆေးရုံ၌ ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုသည် ကားပါကင်တွင် အရေးပေါ်ခန်းတာဝန်ကျ အမျိုးသမီးဆရာဝန် ဒေါက်တာ တာမာရာ အိုနီးလ်နှင့် ၄င်းမိတ်ဆွေတို့အကြား အချင်းများကြရာမှ စတင်ခဲ့သည်ဟု ဆိုသည်။
ယင်းနေရာတွင် သေနတ်သမားသည် အသက် ၃၈ နှစ်အရွယ် ဒေါက်တာ အိုနီးလ်ကို ပစ်ခတ်ခဲ့ပြီးဆေးရုံတွင်းဝင်ပြေးခဲ့ကြောင်း၊ ရဲများ ရောက်ရှိလာပြီး ပစ်ခတ်သံများ ထပ်မံကြားခဲ့ရကြောင်း မျက်မြင်သက်သေများကပြောသည်။
ယင်းနောက်တွင် ပစ်ခတ်မှုကြောင့် ဆေးဘက်လက်ထောက် ၂၅ နှစ်အရွယ် ဒေနာလက်စ်နှင့် ၂၈ နှစ်အရွယ် ရဲအရာအရှိ ဆမ်မြူရယ်ဂျီမီနက်ဇ်တို့ ထပ်မံသေဆုံးခဲ့ပြီးနောက် သေနတ်သမားလည်း သေဆုံးခဲ့ခြင်းဖြစ်ကာ ၄င်းအမည်မူ မသိရသေးပေ။
အမေရိကန်တွင် နိုဝင်ဘာ ၁၉ ရက်က လူသေဆုံးသည့် အခြားသေနတ်ပစ်မှု အနည်းဆုံးနှစ်ခု ရှိခဲ့သည်။ ဖီလာဒဲဖီးယားနှင့် ပင်ဆယ်ဗေးနီးယားပြည်နယ်တို့တွင် ပစ်ခတ်မှုများကြောင့် စုစုပေါင်းလေးဦး သေဆုံးခဲ့ရသည်။
အမေရိကန်တစ်ဝန်း သေနတ်ပစ်ခတ်မှုများကြောင့် သေဆုံးရသမျှမှာ ယခုနှစ်တွင် ၁၃၀ဝ၀ နီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း သေနတ်ပစ်ခတ်အကြမ်းဖက်အချက်အလက်ဘဏ်တိုက် ဝက်ဆိုက်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဒဏ်ရာရသူမှာလည်း ၂၅၀ဝ၀ ရှိလာပြီဖြစ်ကာ တာဝန်ထမ်းဆောင်ချိန်တွင် ပစ်ခတ်ခံရသူ ရဲအရာရှိ အရေအတွက်မှာလည်း ၂၅၀ ကျော် ရှိလာပြီဖြစ်သည်။

















