အေပက်လုံခြုံရေးတာဝန်ယူခဲ့သော်လည်း ခံစားခွင့်များမရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါပူအာနယူးဂီနီလွှတ်တော်ကို စီးနင်း

အေပက်လုံခြုံရေးတာဝန်ယူခဲ့သော်လည်း ခံစားခွင့်များမရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါပူအာနယူးဂီနီလွှတ်တော်ကို စီးနင်း

ပါပူအာနယူးဂီနီမြို့တော် ပို့မော်ရက်စ်ဘီ၌ မကြာသေးမီတွင် ကျင်းပပြီးစီးခဲ့သည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ( အေပက်) အတွက် လုံခြုံရေးတာဝန်ယူခဲ့သော်လည်း ယင်းအတွက် အခကြေးငွေရရှိခြင်းမရှိသေးသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လွှတ်တော်အား နိုဝင်ဘာ ၂၀ ရက်တွင် ဝင်ရောက်စီးနင်းပြီး တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

မှန်များကွဲနေသည့် ပြတင်းပေါက်များ၊ ကျိုးပျက်နေသည့် ပရိဘောဂပစ္စည်းများ၊ နံရံမှ ပြုတ်ကျနေသည့် ပန်းချီကားများနှင့် လဲကျနေသည့် ပန်းအိုးပုံများကို အတိုက်အခံလွှတ်တော်အမတ် ဘရိုင်ယန် ခရေမာက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

အေပက်ညီလာခံလုံခြုံရေးအတွက် တာဝန်ယူခဲ့သော်လည်း ခံစားခွင့်များမရရှိသည့်အတွက် ယခုကဲ့သို့ ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ခရေမာကပြောဆိုခဲ့သည်။

ညီလာခံသို့ အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အပါအဝင် နိုင်ငံခေါင်းဆောင်များစွာ တက်ရောက်ခဲ့သည်။
ရဲတပ်ဖွဲ့ဝင်နှင့် အကျဉ်းထောင်စောင့်များ လွှတ်တော်တွင်းဝင်ရောက်ပြီး ဖျက်ဆီးခဲ့ကြခြင်းဖြစ်ကြောင်း အတိုက်အခံအမတ် အလန်ဘာ့ဒ်ကပြောဆိုခဲ့သည်။

သူတို့က အကျင့်ပျက်အစိုးရ ဆိုပြီး အော်ဟစ်ခဲ့ကြတယ်၊ ပြီးတော့ ပရိဘောဂတွေကို ဖျက်ဆီးပစ်ပါရော၊ နောက်ပိုင်းလူစုခွဲခဲ့ပေမယ့် လူပြန်စုနေတယ်လို့ ကြားတယ် ဟု ဘာ့ဒ်ကပြောဆိုခဲ့သည်။
အေပက်ညီလာခံကြောင့် ပါပူအာနယူးဂီနီသည် တစ်ကမ္ဘာလုံး၏စိတ်ဝင်စားခံခဲ့ရသော်လည်း နိုင်ငံအစိုးရသည် ဧည့်သည်ခေါင်းဆောင်များအတွက် ဇိမ်ခံကားများစွာကို ဝယ်ယူခဲ့သောကြောင့် နိုင်ငံသားများ မကျေမနပ်ဖြစ်နေကြသည်။

ပါပူအာနယူးဂီနီနိုင်ငံသားအများစုမှာ အခြေခံလူတန်းစားများဖြစ်ကြပြီး အလုပ်အကိုင်မဲ့မှုနှုန်း ၆၀ ရာခိုင်နှုန်းရှိနေသည်။
ပါပူအာနယူးဂီနီ၌ အေပက်အစည်းအဝေးကျင်းပရန် သြစတြေးလျသည် ဒေါ်လာ သန်း ၂၀ဝ ခန့်သုံးစွဲခဲ့သည်။