ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး

ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီး

ကြည့်မြင်တိုင်မြို့နယ်တွင် အရက်မူးပြီး ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့မှု နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၉ နာရီခွဲခန့်တွင် ကြည့်မြင်တိုင်မြို့နယ် ဘလုတ်ညွန့်ရပ်ကွက်၊ သောကလမ်းသွယ်တွင် ကျော်မြင့်အောင်(ခ)အောင်နိုင်မ(ခ)ထွန်းဇော်ထွန်းသည် ဓားရှည်ကိုင်ဆောင်၍ ဆဲဆိုရမ်းကားနေကြောင်းသတင်းအရ စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွား ရောက်ထိန်းသိမ်းခဲ့သည်။ 
ထို့သို့ သွားရောက်ထိန်းသိမ်းစဉ် အရိုးအသွား ၂၂ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားဖြင့် လိုက်လံခုတ်သောကြောင့် ၁၂ ဗို့သေနတ်ဖြင့် တစ်ချက် သတိပေးပစ်ခတ်ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လိုက်ခုတ်နေသဖြင့် ၁၂ ဗို့သေနတ်ဖြင့် တစ်ချက် ထပ်မံသတိပေးပစ်ခတ်ခဲ့သည်။

ထိုသို့သတိပေးပစ်ခတ်စဉ် ၎င်းတွင် ဝဲဘက်နံဘေးထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသခဲ့ပြီး ၄င်းကို စက်ဆန်းနယ်မြေရဲစခန်းက(ပ)၂၈၀/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ အရ အမှုဖွင့်အရေးယူထားသည်။