နဝမတန်းကျောင်းသူတစ်ဦး ပဲခူးမြစ်အတွင်း ခုန်ချသေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက နိုဝင်ဘာ ၂၀ ရက်တွင် အမှုဖွင့်စစ် ဆေးလျက်ရှိသည်။
အဆိုပါနေ့ နံနက် ၉ နာရီခန့်တွင် နဝမတန်းကျောင်းသူတစ်ဦး ပဲခူးမြစ်အတွင်းသို့ ခုန်ချသေဆုံးခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အလောင်းကို မြစ်အတွင်းမှ ပြန်လည်ဆည်ယူနိုင်ခဲ့ကြောင်း ပဲခူးအမှတ် (၂)နယ်မြေရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ ပဲခူးမြို့ အထက (၄) ကျောင်းမှ နဝမတန်းကျောင်းသူ မ---- ဖြစ်ပြီး နံနက် ၉ နာရီ အချိန်ခန့်တွင် ပဲခူးမြစ်ကူးတံတားအောက်ခြေနားရှိ ကမ်းပါးပေါ်မှ မြစ်အတွင်းသို့ခုန်ချသေ ကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးမြို့ဇိုင်းမြောက်ရပ်ကွက်နေသူများက ပြောကြားခဲ့ကြသည်။
သေဆုံးသူ အမျိုးသမီးငယ်၏ မိခင်ဖြစ်သူမှာ မီးဖွားနေသဖြင့် ဖခင်ဖြစ်သူက အတန်းပိုင်ဆရာမထံ ဖုန်းဖြင့်ဆက်သွယ်ကာ အိမ်မှုကိစ္စများစေခိုင်းရန်အတွက် ခွင့်တိုင်ကြားသည့်အပေါ် မကျေနပ်သဖြင့် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။
ရေနစ်သေဆုံးမှုမှ အလောင်းကို ပြန်လည်ဆယ်ယူရန် လူမှုရေးအဖွဲ့အစည်းများက ပဲခူးမြစ်ကူးတံတားအောက်နှင့် အနီးဝန်းကျင်တွင်အချိန် ၅ နာရီခန့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
မွန်းလွဲ ၁ နာရီခွဲခန့်တွင် အလောင်းကို မြစ်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ပြီး ပဲခူးဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်ကာ သက်ဆိုင်ရာက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိသည်။

















