ရန်ကုန်သို့ အထောက်အထားမဲ့လိုက်ပါလာသူ နှစ် ဦးနှင့်အခကြေးငွေယူခေါ်လာသည့် ယာဉ်ဝန်ထမ်းကို အမှုဖွင့်

ရန်ကုန်သို့ အထောက်အထားမဲ့လိုက်ပါလာသူ နှစ် ဦးနှင့်အခကြေးငွေယူခေါ်လာသည့် ယာဉ်ဝန်ထမ်းကို အမှုဖွင့်

ကျောက်တော်မြို့ကစ္ဆပနဒီတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်ဖြင့် ရန်ကုန်သို့ အထောက်အထားမဲ့လိုက်ပါလာသူနှစ် ဦးနှင့်ယာဉ်မောင်း၊ယာဉ်အကူတို့ကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့သည်။ 

နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီခန့်က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားစစ်ဆေးရေးဂိတ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်- စစ်တွေသို့ ပြေးဆွဲနေသော အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့သည်။ 
ထိုသို့ ရှာဖွေစဉ် ကားတူးဘောက်စ်အတွင်းမှ စစ်တွေမြို့ ကုလားကြီးကျေးရွာနေ ဟာရူလာမီ(ခ) ဇင်မောင် ၁၇ နှစ်နှင့် တောင်ကုတ်မြို့နေ နုရာလောင်(ခ)မောင်မောင်လှတို့ကို တွေ့ရသည်။
၎င်းတို့က ရန်ကုန်သို့ အထောက်အထားမဲ့ဝင်ရောက်နိုင်စေရန် ရွှေပြည်သာမြို့နယ်နေ ယာဉ်မောင်း ဇော်မျိုးအောင် (၃၃)နှစ် နှင့် ယာဉ်အကူ ဇော်မင်းဦး(၃၀)နှစ်တို့ထံ တစ်ဦးလျှင် ကျပ် ၂၅ သိန်းစီရယူကာ စစ်တွေမြို့အထွက် ဗန္ဓုလလမ်းဆုံမှ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်။

အထောက်အထားမဲ့လိုက်ပါလာသူ နှစ်ဦးကို သက်ဆိုင်ရာက လဝကအက်ဥပဒေ ၆(၂)၆/(၃) အရ အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်းနှင့်ယာဉ်အကူတို့ နှစ်ဦးကို ကျောက်တော်မြို့မရဲစခန်းတွင် (ပ) ၃၁၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူထားသည်။