လမ်းမတော်မြို့နယ်တွင် လူတစ်ဦးခုနစ်လွှာတိုက်ခန်းမှ ခုန်ချမှု ဖြစ်ပွားခဲ့ပြီး အသက်မသေသော်လည်း သက်ဆိုင်ရာက မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း လမ်းမတော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။
" တိုက်ပေါ်ကပြုတ်ကျတာမဟုတ်ဘူး။ အရက်အမူးလွန်ပြီးခုန်ချတာပါ။ သူ့ကို မိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုနဲ့ အရေးယူထားပါတယ်" ဟု ၄င်းက ပြောသည်။
နိုဝင်ဘာ ၂၀ ရက် ည ၁၂ နာရီခန့်တွင် လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် အနော် ရထာလမ်းကြား ၁၁လမ်းရှိ တိုက်ခန်းတစ်ခု၏ အမြင့် ၇ လွှာမှ အမျိုးသားတစ်ဦး ခုန်ချကာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားမှာ အသက် ၂၉ နှစ်အရွယ် ကို----- ဖြစ်ပြီး တိုက်ခုနစ်လွှာမှခုန်ချစဉ် ဓာတ်ကြိုးပေါ်မှတစ်ဆင့် အောက်တွင်ရပ်ထားသည့် ယာဉ်ပေါ်သို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
" တိုက်ပေါ်က ခုန်ချတာ လမ်းပေါ်ကိုရောက်ရင်တော့ အသက်ပါဆုံးမယ်။ အခု အောက်မှာရပ်ထားတဲ့ ကားလေကာမှန်ပေါ်ကျသွားလို့ အသက်မသေခဲ့ဘူး။ ကားလေကာမှန်တော့ အက်သွားတယ်။ ပြုတ်ကျတဲ့သူမှာ ခန္ဒာကိုယ်မှန်ရှရာလိုမျိုး ထိခိုက်ဒဏ်ရာရသွားတယ်။ သူ့ကို လမ်းမတော်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ခေါ်သွားတယ်" ဟု အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုခဲ့သူ အငှားယာဉ်မောင်း ကိုစန်းမြင့်က ပြောသည်။
ထိုတိုက်ပေါ်မှပြုတ်ကျစဉ် လမ်းမီးကြိုးများပေါ်သို့ ပြုတ်ကျခဲ့ပြီး ၁၁ လမ်းထိပ်ရှိ ဖုန်းကြိုးများနှင့် ဝါယာကြိုးများရိုက်မိခဲ့ခြင်းကြောင်း ရပ်ကွက်အတွင်း မီးပျက်သွားခဲ့သည်။
လျှပ်စစ်ဝန်ထမ်းများကပြန်လည် ပြင်ဆင်မှုများပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် လျှပ်စစ်မီးများ ပုံမှန်ပြန်လည်ရရှိခဲ့ကြောင်း အဆိုပါလမ်းအတွင်းနေထိုင်သူများက ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ပေါ်မှခုန်ချကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်သူကို လမ်းမတော်မြို့မရဲစခန်းက (ပ)၁၆၂/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။

















