တရုတ်အမျိုးသားနှင့်လက်ထပ်ရန် မက်လုံးပေးရောင်းစားသူ လေးဦးကို အမှုဖွင့်

တရုတ်အမျိုးသားနှင့်လက်ထပ်ရန် မက်လုံးပေးရောင်းစားသူ လေးဦးကို အမှုဖွင့်

မှော်ဘီမြို့နယ်တွင် တရုတ်အမျိုး သားနှင့် လက်ထပ်ပေါင်းသင်းရန် မက်လုံးပေးပြောဆိုရောင်းစားခဲ့သူ လေးဦးကို သက်ဆိုင်ရာက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ်သို့ ပြန်လည်ရောက်ရှိ နေကြောင်းသတင်းအရ အမှတ် (၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (၆) မှ ရဲအုပ် ညီညီဆွေနှင့်အဖွဲ့က သွားရောက် မေးမြန်းခဲ့သည်။

လူကုန်ကူးခံရပြီး ပြန်ရောက်လာသည့် အမျိုးသမီးကို တရုတ်ယောကျာ်းများနှင့် လက်ထပ်ပေါင်းသင်းရန် လက်ရှိ မှော်ဘီမြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် မအေးအေးဝင်း(၂၆ နှစ်)က စည်းရုံးခဲ့ခြင်းဖြစ်သည်။

မအေးအေးဝင်းသည် လူကုန်ကူးခံရသူနှင့်ခင်မင်ရင်းနှီးသူဖြစ်ပြီး လက်ရှိတရားရုံးတွင် အမှုရင်ဆိုင် နေရသူလည်းဖြစ်သည်။ မအေးအေးဝင်းသည် တရုတ်ပြည်သို့မြန်မာအမျိုးသမီးများကို ပို့ဆောင်ပေးသူ ဖြစ်ကြောင်း မကြာခဏပြောပြ သိရှိခဲ့ရသည်ဟု ဆိုသည်။ 
တရုတ်ပြည်သို့ မြန်မာအမျိုးသမီးများကို ပို့ဆောင်ရာတွင် ပွဲခအဖြစ် ကျပ်ငါး သိန်းရရှိကြောင်း မကြာခဏပြောကြောင်း ဆိုသည်။

တရုတ်ယောကျာ်းများနှင့်လက်ထပ်ပါက သိန်း ၃၀ နှင့် လက်ဝတ်ရတနာ တစ်ဆင်စာရမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင်နေထိုင်ပါက ဘာမျှမလုပ်ရဘဲ၊ ဒီဇိုင်နာသင်တန်းများသို့ တက်ရောက်ရမည်ဖြစ်ကြောင်း၊ ယောကျာ်းပေးသည့် မုန့်ဖိုးများကို အိမ်သို့ပြန်ပေးနိုင်မည်ဖြစ်ကြောင်း မကြာခဏပြောဆိုခဲ့ခြင်းကြောင့် မိသားစု စားဝတ်နေရေးအခက်အခဲ အတွက် တရုတ်အမျိုးသားကို ယူရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ 
ယခုနှစ် ဇွန် ၂၉ ရက် ညပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးသို့ မအေးအေးဝင်းက ၄င်း၏သူငယ်ချင်း ဖြစ်သူနှင့်အတူလိုက်ပါပို့ဆောင်ပေးခဲ့ သည်။ ၄င်းမှာ ငွေကြေးကိစ္စများ ဆောင်ရွက်ရန် ရှိနေခြင်းကြောင့် နောက် ငါး ရက်ကြာမှ လိုက်လာမည်ဖြစ်ကြောင်းပြောဆိုကာ
လားရှိုးသို့ရောက်ရှိပါက ဆက်သွယ်ရန်ဖုန်းနံပါတ်တစ်ခုကို ပေးအပ်ခဲ့သည်ဟု ဆိုသည်။

လားရှိုးမြို့သို့ရောက်ရှိစဉ် ဆက်သွယ်ရန်ပေးခဲ့သည့် ဖုန်းသို့ ဆက်သွယ်ကြည့်ရာ မတူးပို့ (စုံစမ်းဆဲ)နှင့်အဆက်သွယ်ရရှိပြီး ၄င်းကလာရောက်ကြိုခဲ့သည်။
ထို့နောက် မူဆယ်မြို့သို့ ကားတစ်စီးဖြင့် ထည့်ပေးခဲ့ကြောင်း၊ မူဆယ်တွင် ကိုချိုတူး(စုံစမ်းဆဲ)နှင့်မရှမ်းမ(စုံစမ်းဆဲ)တို့နှင့်တွေ့ဆုံကာ ၄င်းတို့က တရုတ်ပြည်သို့ ဝင်ရောက်ရန် ကတ်လုပ်ပေးပြီး ကျယ်ခေါင်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဆိုသည်။

၄င်းတို့က ကျယ်ခေါင်မြို့သို့ အရောက် တရုတ်အမျိုးသားတစ်ဦးမောင်းနှင်သည့် ကားတစ်စီးဖြင့် ထည့်ပေးခဲ့ရာ ကားပေါ်တွင် အမည်မသိ အမျိုးသမီးငယ် နှစ်ဦးပါရှိခဲ့ကြောင်း ဆိုသည်။
၄င်းတို့ လေးညအိပ် ငါးရက်ခန့် ခရီးဆက်ခဲ့ပြီးနောက် တရုတ်ပြည် ဟန်နန်ပြည်နယ် နန်းရန်မြို့တွင် နေထိုင်သူ တရုတ် ယောကျာ်းနှင့်ပေါင်းသင်းနေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး၏ နေအိမ်သို့ရောက်ရှိခဲ့သည်။ အဆိုပါညနေ ပိုင်းတွင် တရုတ်ပွဲစားက ၄င်းတို့ကို တစ်ဦးလျှင် ယွမ် (၉၀ဝ၀ဝ)ဖြင့် ရောင်းစားခဲ့ကြောင်း သိရပြီးနောက် နောက်တစ်ရက်တွင် အဆိုပါအိမ်သို့တရုတ်ရဲများရောက်ရှိလာကာ နန်းရန်ရဲစခန်းသို့ခေါ်ဆောင် သွားခဲ့ပြီး ၄၂ ရက်ခန့် ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။ 
သြဂုတ် ၂၇ ရက်တွင် မူဆယ်မြို့သို့လွှဲပြောင်းပေးခဲ့ပြီး စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သောကြောင့် တရုတ်ယောကျာ်းနှင့် လက်ထပ်ပေါင်းသင်းရန် မက်လုံးပေး စည်းရုံးသိမ်းသွင်းခဲ့သူ မအေးအေးဝင်းပါ လေးဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ မှော်ဘီမြို့မရဲစခန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ မအေးအေးဝင်းကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈/၃၂ အရ ဆက်လက် အရေးယူထားသည်။