မြို့နယ်များအတွင်း ခိုးမှုများကျူးလွန်ထားကြောင်းသတင်းအရ မသင်္ကာသူသုံးဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ရာ အုပ်စုဖွဲ့ကျူးလွန်သည့် လုယက်မှု ခုနစ်မှုနှင့် ခိုးမှု ၂၃ မှု ပေါ် ပေါက်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၃ ရက်မွန်းလွဲ ၁ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပုလဲ သွယ်လမ်းမပေါ်တွင် ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထား သည့် ကျော်ဇင်လတ် (ခ)ဖိုးသားကို KENBO ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာပြောဆိုနိုင်ခြင်းမရှိသဖြင့်ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခဲ့သည်။
၄င်းကို စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင် သော်ဇင်ဦး(ခ)ကုလားနှင့် ဇော်မင်းဖြိုး(ခ) ရဲရင့်သွေး လည်းပါဝင်ကြောင်းသိရသဖြင့် ၄င်းတို့ နှစ်ဦးကို ရွှေပြည်သာမြို့နယ်၊ မန္တလေးလမ်းမပေါ်တွင် Luojia 110ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိဖမ်းဆီးခဲ့သည်။
၄င်းတို့နှင့်အတူတွေ့ရှိသည့်ဆိုင်ကယ်ကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ ၎င်းဆိုင်ကယ်ကို ဘုရင့်နောင်လမ်းမကြီးဘေးနေအိမ်တစ်အိမ်မှ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
ကျော်ဇင်လတ် (ခ)ဖိုးသား၊ သော်ဇင်ဦး(ခ)ကုလားနှင့် ဇော်မင်းဖြိုး(ခ) ရဲရင့်သွေးတို့ကို ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းတို့သုံးဦးနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖားဘီးလူး၊ လရောင်တို့သည်၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလအထိ နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ဖြင့် အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်များအတွင်းမှ လက်ကိုင်ဖုန်း (၁၉)လုံး၊ စက်မှုဇုန်(၂)နှင့် လမ်းပေါ်တွင် ရပ်ထားသည့် ကားများမှ ဘတ္ထရီအိုးခုနစ်လုံး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်တစ်ခုမှ (၁၄)လက်မတီဗွီတစ်လုံး၊ ဘုရင့်လမ်း နှင့် စက်မှုလမ်း ထောင့်တွင် ရပ်ထားသော စက်ဘီးတစ်စီးတို့ကို လုယူခြင်း၊ခိုးယူခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
သက်ဆိုင်ရာက ၄င်းတို့ အုပ်စုဖွဲ့ခိုးယူခဲ့သည့် ပစ္စည်းများကို ရောင်းချပေါင်နှံထားသည့် နေရာများမှ သိမ်းဆည်းခဲ့ပြီး အမှုတွင်ပါဝင်တိမ်းရှောင်သူ ဖားဘီးလူး၊ လရောင်တို့ကို စစ်ဆေးနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

















