အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၅၀ သေဆုံး

အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးခွဲမှုကြောင့် လူ ၅၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် အစ္စလာမ္မစ် ဘာသာရေးခေါင်းဆောင်များနှင့် ပညာရှင်များ စုဝေးကြသည့် အခမ်းအနားတစ်ခု၌ နိုဝင်ဘာ ၂၀ က အသေခံဗုံးခွဲမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 

တမန်တော် မိုဟမ္မဒ် မွေးနေ့အခမ်းအနား ကျင်းပရန် အစ္စလာမ္မစ် ဘာသာရေးခေါင်းဆောင်များနှင့် ပညာရှင် ရာချီပြီး စုဝေးခဲ့ကြသော ခန်းမတစ်ခုအတွင်းသို့ အသေခံဗုံးခွဲသမား ဝင်ရောက်ကာ ဗုံးခွဲခဲ့ခြင်းဖြစ်သည်။ မည်သည့်အကြမ်းဖက်အဖွဲ့က လုပ်ကြောင်း မသိရသေးသော်လည်း တာလီဘန်များနှင့် အိုင်အက်စ် အကြမ်းဖက်အဖွဲ့တို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ 
ထိုနှစ်ဖွဲ့သည် ယခင်ကလည်း အစိုးရနှင့် နီးစပ်သည့် ဘာသာရေးအဖွဲ့အစည်းများ၊ ပညာရှင်များကို တိုကိခိုက်ခဲ့ကြဖူးသည်။ 
    ဒဏ်ရာရသူများအနက် ၂၀ ကျော်သည် စိုးရိမ်အခြေအနေဖြစ်သည်။ အာဖဂန်နစ္စတန် သမ္မတ အာရှက်ဖ်  ဂါနီကလည်း အသေခံဗုံးခွဲတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး၊ ထိုလုပ်ရပ်သည် အစ္စလာမ္မစ် တန်ဖိုးများကို တိုက်ခိုက်ဖျက်ဆီးရာ ရောက်ကြောင်းလည်း ပြစ်တင်ပြောကြားခဲ့သည်။ 
နိုဝင်ဘာ ၂၁ ရက်ကို နိုင်ငံတော် ဝမ်းနည်းအထိမ်းအမှတ်နေ့အဖြစ်လည်း သမ္မတ ဂါနီက သတ်မှတ်ကြေညာခဲ့သည်။ 
    “ဒါဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်”   ဟု သမ္မတ ဂါနီက မှတ်ချက်ပေး ပြောကြားခဲ့သည်။ 
    ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ယခုတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့သူများ၏ မိသားစုများနှင့် ထပ်တူဝမ်းနည်းရကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။