လူကောင်းအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် လူဆိုးဂိုဏ်းခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရ

လူကောင်းအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် လူဆိုးဂိုဏ်းခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရ

ဒိန်းမတ်နိုင်ငံတွင် လူဆိုးဂိုဏ်းခေါင်းဆောင်ဘဝကို စွန့်လွှတ်ကာ လူကောင်းအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသလို၊ လူဆိုးခေါင်းဆောင်ဘဝ အတွေ့အကြုံများ ကိုယ်တိုင်ရေးစာအုပ်ကိုလည်း မဖြန့်ချိမီ တစ်ရက်အလို၌ နာဒင် ယာဆာ ဆိုသူသည် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။ 

အသက် ၃၁ နှစ်အရွယ်ယာဆာသည် နိုဝင်ဘာ ၁၉ ရက်က ကိုပန်ဟေဂန်မြို့တွင် ၎င်း၏ Roots အမည်ရှိ စာအုပ်ကို မိတ်ဆက်ပွဲလုပ်ပြီး အပြန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။ 
သေနတ်သမားသည် အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားပြီး ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်သည်။ ယာဆာကို ဆေးရုံတင်သော်လည်း အသက်မကယ်နိုင်ခဲ့ပေ။ ၎င်း၏ လူဆိုးဂိုဏ်းခေါင်းဆောင်ဘဝမှ ရုန်းထွက်ခဲ့ရသည့် အတွေ့အကြုံများပါဝင်သော Roots စာအုပ်ကို နိုဝင်ဘာ ၂၀ ရက်တွင် ဖြန့်ချိခဲ့သည်။ 
    ယာဆာကို တူရကီတွင် မွေးဖွားခဲ့ပြီး အသက် လေးနှစ်တွင် ဒိန်းမတ်သို့ ရောက်ရှိလာသည်။ ကိုပန်ဟေဂန်မြို့ အခြေစိုက်သော လော့စ်  ဂွာရာရို မူးယစ်ဂိုဏ်းကို ထူထောင်ကာ မူးယစ်မှောင်ခိုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခဲ့သည်။ 
၂၀၁၂ ခုနှစ်တွင် ကလေးအဖေ ဖြစ်တော့မည်မှန်း သိလိုက်ရချိန်တွင် လူဆိုးဂိုဏ်းခေါင်းဆောင်ဘဝကို စွန့်လွှတ်ကာ အစိုးရ၏ အလင်းဝင်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်မှတစ်ဆင့် လူကောင်းဘဝသို့ ပြန်ဝင်ရောက်ခဲ့သူဖြစ်ကြောင်း ဒိန်းမတ်  သတင်းအေဂျင်စီ  ရီဇူက ဖော်ပြသည်။ 
    နောက်ပိုင်းတွင်  ယာဆာသည် လူငယ်များ မူးယစ်သားကောင် မဖြစ်စေရေး  လှုပ်ရှားမှုများတွင် ဦးဆောင်ကာ  အများအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်မှုဖြင့် နာမည်ကျော်ကြားလာခဲ့သလို၊ လူငယ်ပညာပေး အစီအစဉ်များကို ဒေသတွင်း ရေဒီယို အစီအစဉ် Radio24syv မှတစ်ဆင့် တင်ဆက်မှုကြောင့်လည်း နိုင်ငံအတွင်း လူသိများသူဖြစ်သည်။