အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ ဝင်ရောက်စွက်ဖက်ခဲ့၍ ယီမင်စစ်ပွဲ အရှိန်မြင့်တက်လာခဲ့သည့် လွန်ခဲ့သောသုံးနှစ်မှစ၍ ငါးနှစ်အောက်ယီမင်ကလေးငယ် ၈၅၀ဝ၀ ငတ်မွတ်သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ကလေးများကယ်ဆယ်ရေး ပရဟိတအဖွဲ့က ပြောဆိုလိုက်သည်။
ကုလသမဂ္ဂအချက်အလက်များကို အခြေပြု၍ ဆန်းစစ်ချက်အသစ်အရ ၂၀၁၅ ဧပြီမှ ၂၀၁၈ အောက်တိုဘာအထိ ယီမင်မှ ငါးနှစ်အောက်ကလေး ၈၄၇၀၁ သေဆုံးခဲ့ကြောင်း၊ အဓိကအကြောင်းရင်းမှာ ငတ်မွတ်၍ဖြစ်ကြောင်း ပရဟိအဖွဲ့က ပြောသည်။ အပစ်အခတ်အရှိန်လျှော့ထားရန်သဘောတူထားပြီးမှ ယီမင်အဓိကဆိပ်ကမ်းမြို့ ဟူဒေဒါတွင် ဆော်ဒီဦးဆောင်သောမဟာမိတ်များနှင့် ဟူသီသူပုန်များ အပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့ချိန်၌ ယင်းစာရင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်မဟာမိတ် ဆော်ဒီအာရေဗျက ဦးဆောင်၍ ယီမင်ရှိ အီရန်နှင့်ဆက်နွှယ်သော ဟူသီသူပုန်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။ တဖန် ယီမင်ရှိ အယ်လ်ခိုင်ဒါဌာနခွဲကိုလည်း အမေရိကန်က လက်နက်တပ် လူမဲ့ဒရုန်းယာဉ် များဖြင့် တိုက်ခိုက်နေဆဲဖြစ်သည်။
လေးနှစ်ထဲဝင်လာပြီဖြစ်သည့် ယီမင်စစ်ပွဲကြောင့် အနည်းဆုံးလူ ၁၀ဝ၀ဝ သေဆုံးခဲ့ရပြီး ၁၄ သန်း အငတ်ဘေး ကျရောက်နိုင်သည့်အလားအလာနှင့် ရင်ဆိုင်နေရကာ ကမ္ဘာတွင် နှစ် ၁၀ဝ အတွင်းအဆိုးရွားဆုံးအငတ်ဘေး ကျရောက်နိုင်ခြေ ရှိနေသည်။
ဟူဒေဒါဆိပ်ကမ်းမြို့ကို ဆော်ဒီပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ထားချိန်မှစ၍ ယင်းသို့ရိက္ခာဝင်ရောက်မှုသည် တစ်လလျှင် တန် ၅၅၀ဝ၀ လျော့နည်းကျဆင်းခဲ့ကြောင်း ပရဟိတအဖွဲ့က ပြောသည်။
၂၀၁၈ အတွင်း ယီမင်ကလေး ၄၀ဝ၀ဝ၀ ခန့် အာဟာရချို့တဲ့မည်မှာ အသေအချာဖြစ်ကြောင်း ကုလသမဂ္ဂစာရင်းကို အခြေခံ၍ ပရဟိတအဖွဲ့က ပြောဆိုခဲ့ပြီး ယင်းသည် လွန်ခဲ့သည့်နှစ်က အရေအတွက်ထက် ၁၅၀ဝ၀ ကျော် ပိုမိုများပြားနေသည်။

















