အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းသို့ လာရောက်သောင်တင်သည့် ဝေလငါးသေ၏ဝမ်းဗိုက်ထဲတွင် ပလတ်စတစ်ခွက် ၁၁၅ ခွက်၊ ခြေညှပ်ဖိနပ် ၂ ရံတို့ကိုတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရအရာရှိများက နိုဝင်ဘာ ၂၀ ရက် အနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။
အရှေ့တောင်ဆူလာဝေစီခရိုင်ရှိ ဘေးမဲ့တောတစ်ခုနား၌ နိုဝင်ဘာ ၁၉ ရက်တွင် အရှည် ၉ ဒသမ ၅ မီတာ( ၃၁ ပေ) ရှိသည့် ဝေလငါးသေတစ်ကောင်ကို ဝါကာတိုဘီအမျိုးသားဥယျာဉ်မှ ရှာဖွေကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ကျေးရွာသားများက ဝေလငါးသေ၏အသားများကို လှီးဖြတ်နေစဉ်တွင် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး ဟဲရီ ဆန်တိုဆိုကပြောဆိုခဲ့သည်။
ဝေလငါး၏ဝမ်းဗိုက်ထဲတွင် ပလတ်စတစ်ခွက် ၁၁၅ ခွက်၊ ပလတ်စတစ်ဗူး လေးဗူး၊ ပလတ်စတစ်အိတ် ၂၅ အိတ်၊ နိုင်လွန်အိတ်တစ်လုံးနှင့် ပလတ်စတစ်စ ၁၀ဝ၀ ကျော်တို့ကိုတွေ့ရှိခဲ့ကြောင်း ဆန်တိုဆိုကပြောဆိုခဲ့သည်။
ဝေလငါးသေဆုံးရသည့် အကြောင်းရင်းကိုမသိရှိရသော်လည်း မြင်တွေ့ရသည်များမှာ စက်ဆုတ်စရာကောင်းလှကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့( WWF) ၏ အင်ဒိုနီးရှားရုံးခွဲမှ ရေနေသတ္တဝါထိန်းသိမ်းစောင့်ရှောက်ရေးတာဝန်ခံ ဒွီဆူပရာတီကပြောဆိုခဲ့သည်။
လူဦးရေ သန်း ၂၆၀ ရှိသော အင်ဒိုနီးရှားသည် တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယမြောက် ပလတ်စတစ်ညစ်ညမ်းမှုအများဆုံးနိ်ုင်ငံဖြစ်ကြောင်း Science ဂျာနယ်၌ ဇန်နဝါရီတွင် ဖော်ပြထားသည့် လေ့လာမှုက ရေးသားထားသည်။
အင်ဒိုနီးရှားသည် တစ်နှစ်လျှင် ပလတ်စတစ်အမှိုက် တန် ၃ ဒသမ ၂ သန်းကိုစွန့်ထုတ်နေပြီး ၎င်းတို့အနက် ၁ ဒသမ ၂၉ သန်းသည် ပင်လယ်သမုဒ္ဒရာများထဲသို့ရောက်ရှိနေကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။
ဝေလငါး၏ဝမ်းဗိုက်ထဲတွင် ပလတ်စတစ်များစွာကိုတွေ့ရှိမှုကြောင့် အများပြည်သူသည် ပလတ်စတစ်အသုံးလျှော့ချသင့်ကြောင်းကို နားလည်ရန်လိုအပ်လာပြီး အစိုးရအနေဖြင့်လည်း သမုဒ္ဒရာများကိုကာကွယ်ရန် ပိုမိုအားထုတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ရေကြောင်းဆိုင်ရာဝန်ကြီး လူဟတ် ဘင်ဆာ ပန်ဂျိုင်တန်ကပြောဆိုခဲ့သည်။

















