ကုလသမဂ္ဂ၏ ရွှေ့ပြောင်းခိုလှုံသူများဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သြစတြေးလျဆို

ကုလသမဂ္ဂ၏ ရွှေ့ပြောင်းခိုလှုံသူများဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သြစတြေးလျဆို

ကုလသမဂ္ဂရွှေ့ပြောင်းဆိုင်ရာစာချုပ်သည် နိုင်ငံက ချမှတ်ထားသော တင်းမာပြတ်သားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒကိုအားနည်းသွားစေပြီး အမျိုးသားလုံခြုံရေးထိခိုက်သွားနိုင်သောကြောင့် ယင်းကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က နိုဝင်ဘာ ၂၁ ရက်တွင်ပြောဆိုခဲ့သည်။

စာချုပ်ကိုလက်မှတ်ရေးထိုးထားသည့် နိုင်ငံများသည် ရွှေ့ပြောင်းများကို ဖမ်းဆီးခွင့်မရှိဘဲ နောက်ဆုံးရွေးချယ်စရာမရှိမှသာ ချုပ်နှောင်ခွင့်ရှိသည်။

စာချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနှင့် အရှေ့ဥရောပနိုင်ငံများစွာတို့က ပြောဆိုထားပြီးဖြစ်သည်။
    ကမ္ဘာလုံးဆိုင်ရာရွှေ့ပြောင်းစာချုပ်သည် သြစတြေးလျ၏အကျိုးစီးပွားကိုထိပါးလိမ့်မည်ဖြစ်ကြောင်း မော်ရစ်ဆင်က ပြောဆိုခဲ့သည်။

စာချုပ်သည် သြစတြေးလျသို့ တရားမဝင်ဝင်ရောက်သူနှင့် တရားဝင်ဝင်ရောက်သူများကြား ခွဲခြားထားခြင်းမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
    သြစတြေးလျ၏လူဝင်မှုကြီးကြပ်ရေးမူဝါဒအရ သြစတြေးလျသို့ စက်လှေများဖြင့်ရောက်ရှိလာသည့် ခိုလှုံသူများသည် သြစတြေးလျတွင် ခြေချခွင့်ရရှိမည်မဟုတ်ချေ။

သြစတြေးလျသို့ စက်လှေများဖြင့်ရောက်ရှိလာသည့် ခိုလှုံသူများကို တောင်ပစိဖိတ်သမုဒ္ဒရာကျွန်းများရှိ ချုပ်နှောင်စခန်းနှစ်ခုတွင် ထိန်းသိမ်းထားရှိခဲ့သည်။ 
    လှေများဖြင့်ရောက်ရှိလာသည့် ခိုလှုံသူများကို ကမ်းလွန်ပြန်လွှတ်ပြီး ဒုက္ခရောက်စေခဲ့သည့်အတွက်  သြစတြေးလျသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် တာဝန်ပျက်ကွက်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏သြစတြေးလျဆိုင်ရာ ဒါရိုက်တာ အဲလင်းပါဆင်ကပြောဆိုခဲ့သည်။
    သြစတြေးလျနိုင်ငံသား မဲပေးခွင့်ရှိသူ ၄၅ ရာခိုင်နှုန်းက နိုင်ငံတွင်းဝင်ရောက်ခွင့်ပေးသည့် ရွှေ့ပြောင်းပမာဏကို လျှော့ချလိုကြောင်း ပြောဆိုခဲ့ပြီး ၂၀ ရာခိုင်နှုန်းကျော်ကသာ တိုးမြှင့်စေလိုကြောင်း ပြောဆိုခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့်  ဖဲဖက်စ်- အစ်ဆိုစ်စစ်တမ်းတွင်ဖော်ပြထားသည်။