အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှ ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ် ခေါင်းဆောင်များက ဆော်ဒီသတင်းသမား ခါရှောဂီသတ်ဖြတ်ခံရမှုအရေးကို ထပ်မံစုံစမ်းပေးရန် သမ္မတဒေါ်နယ်ထရမ့်ထံ တောင်းဆိုလိုက်ပြီး သမ္မတထရမ့်ကမူ ဆော်ဒီကိုထပ်မံအရေးယူရန် အကြောင်းမရှိတော့ကြောင်း တုံ့ပြန်ခဲ့သည်။
လူသတ်မှုတွင် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဘင်ဆာလ်မန်၏အခန်းကဏ္ဍကို အသေအချာ စူးစမ်းခဲ့ကြောင်းလည်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း သတ်ဖြတ်ခံခဲ့ရသည့်် ခါရှောဂီအရေးကြောင့် ဆော်ဒီအာရေဗျကို နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင်ကြသော်လည်း ဆော်ဒီမဟာမိတ်ဖြစ်သည့် အမေရိကန်သည် အစောပိုင်းတွင် ဆော်ဒီဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။
ခါရှောဂီသတ်ဖြတ်မှုကို အိမ်ရှေ့စံ ဆာလမန် ကောင်းစွာသိရှိနိုင်ခဲ့သည်ဆိုခြင်းကို သမ္မတထရမ့်က အသိအမှတ်ပြုခဲ့ပြီး မသိခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
ယင်းနောက်တွင် ခါရှောဂီ သတ်ဖြတ်မှုအား စီအိုင်အေက ရာနှုန်းပြည့် မစုံစမ်းနိုင်ခဲ့ကြောင်းလည်း ပြောဆိုသည်။ ယင်းကြောင့် ဒုတိယအကြိမ် စုံစမ်းစစ်ဆေးမှုပြုသင့်ကြောင်း နိုင်ငံခြားဆက်ဆံရေးကော်မတီက တောင်းဆိုချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းတောင်းဆိုချက်ကို လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်၏ကမ္ဘာလုံးဆိုင်ရာတာဝန်ခံမှုဥပဒေတစ်ရပ်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းကိုရက်ပေါင်း ၁၂၀ အတွင်း တုံ့ပြန်ရမည်ဖြစ်သည်။
ခါရှောဂီကို ဆော်ဒီအေးဂျင့်ဆိုးများက သတ်ဖြတ်ခဲ့ကြောင်း၊ အိမ်ရှေ့စံက မသိခဲ့ကြောင်း ဆော်ဒီက ပြောဆိုထားသည်။ ယင်းအေးဂျင့်များကိုသာ အမေရိကန်က ဆန်ရှင်ချမှတ်အရေးယူခဲ့သည်။
စီအိုအေကမူ ဆော်ဒီ အိမ်ရှေ့စံက သတ်မိန့်ပေးခဲ့သည်ဟုယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ ခါရှောဂီအသတ်ခံရပုံ အသံဖိုင်အထောက်အထားရှိသော်လည်း ယင်းကိုနားထောင်ရန်မလိုကြောင်း၊ အားလုံးကို မိမိသိရှိပြီးဖြစ်ကြောင်း ထရမ့်က ပြောဆိုထားသည်။ အမေရိကန်များနှင့် အရှေ့အလယ်ပိုင်းတစ်ခွင်မှ အပြစ်မဲ့သူများကို သတ်ဖြတ်ခဲ့သော အီရန်နှင့်ဆက်နွှယ်သည့် အစွန်းရောက်အစ္စလာမ္မစ်အကြမ်းဖက်ဝါဒကို ဦးဆောင်တိုက်ဖျက်ရန် အီရန်သည် ဒေါ်လာဘီလျံချီ အကုန်အကျခံခဲ့ရကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။ ထရမ့်၏ပြောဆိုချက်သည် ဂုဏ်သိက္ခာမဲ့ကြောင်း အီရန်က တုံ့ပြန်ခဲ့သည်။

















