ရုရှားအစိုးရသည် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကိုအသုံးချကာအတိုက်အခံများကို ပစ်မှတ်ထားခဲ့ဖူးကြောင်း ဝေဖန်မှုများထွက်ပေါ်နေသော်လည်း ရုရှားနိုင်ငံသားတစ်ဦးသည် အင်တာပိုလ် အကြီးအကဲ ဖြစ်လာနိုင်ခြေရှိနေပြီဖြစ်သည်။
ရုရှား ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ယူခဲ့ဖူးသူ အလက်ဇန္ဒားပရိုကိုချက်ခ်သည် အင်တာပိုလ် အကြီးအကဲအဖြစ် ရွေးချယ်ခံရရန် ရေပန်းအစားဆုံးသူဖြစ်နေသည်။
တရုတ် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အာဏာပိုင်များက ထိန်းသိမ်းကာ စစ်ဆေးခံနေရသော အင်တာပိုလ် အကြီးအကဲမန် ဟွမ်ဝေနေရာတွင် အစားထိုးရန်အတွက် အင်တာပိုလ်သည် အကြီးအကဲသစ် ရွေးချယ်မည်ဖြစ်သည်။
မစ္စတာပရိုကိုချက်ခ် ရွေးချယ်ခံရမည်ဆိုပါက ရုရှားအတွက်လည်း အောင်ပွဲတစ်ရပ်ဖြစ်လာမည်။
သို့သော် လူ့အခွင့်အရေးအဖွဲ့များနှင့် ရုရှားကိုဆန့်ကျင်သော နိုင်ငံများမှ တာဝန်ရှိသူများကမူမစ္စတပရိုကိုချက်ခ်အားမရွေးချယ်ရန် အပြင်းအထန် လှုံ့ဆော်လျက်ရှိနေသည်။
မစ္စတာပရိုကိုချက်ခ်သည် အင်တာပိုအကြီးအကဲ ဖြစ်သွားပါက ရုရှားသည် အတိုက်အခံများကိုယခင်ထက် ပိုဖိနှိပ်ရန် အခွင့်အရေးရသွားမည်ဟု ဝေဖန်မှုများလည်းထွက်ပေါ်လျက်ရှိသည်။
အမေရိကန် အထက်လွှတ်တော်အမတ်တစ်စုက မစ္စတာပရိုကိုချက်ခ်ကို အင်တာပိုလ် အကြီးအကဲခန့်အပ်ခြင်းသည် ကြက်ခြံထဲမြေခွေးဝင်သလို ဖြစ်လိမ့်မည်ဟု ပုတ်ခတ်ပြောကြားခဲ့ကြသလို၊ ရုရှားအစိုးရကိုဝေဖန်သူများကလည်း မာဖီးယားကို ခေါင်းဆောင်ခန့်သလို ဖြစ်လိမ့်မည်ဟု ဝေဖန်ထားကြသည်။

















