ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေးစည်းမျဉ်းများဆွေးနွေးမှု သုံးနှစ်အတွင်းအပြီးသတ်မည်ဖြစ်ကြောင်း တရုတ်သမ္မတပြောဆို

ရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေးစည်းမျဉ်းများဆွေးနွေးမှု သုံးနှစ်အတွင်းအပြီးသတ်မည်ဖြစ်ကြောင်း တရုတ်သမ္မတပြောဆို

ရေပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင်း နှစ်နိုင်ငံစစ်တပ်များ ထိပ်တိုက်ဆုံမှုများရှိခဲ့ပါက ယင်းကိုငြိ်မ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး စည်းမျဉ်းများရေးဆွဲရေး ဆွေးနွေးမှုများကို သုံးနှစ်အတွင်းအပြီးသတ်မည်ဖြစ်ပြီး ကွဲပြားမှုများကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းမည်ဖြစ်ကြောင်း ကတိပြုသည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ဖိလစ်ပိုင်တွင် နိုဝင်ဘာ ၂၀ ရက်က ပြောဆိုခဲ့သည်။

ရှီသည် ဖိလစ်ပိုင်နိုင်ငံသို့သွားရောက်ပြီး ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ 
ချစ်ကြည်မှုအပြည့် ဆွေးနွေးတိုင်ပင်မှုမှတစ်ဆင့် ရေကြောင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး အငြင်းပွားနေသည့် ကိစ္စရပ်များကို စီမံမည်ဖြစ်ကြောင်း ရှီကပြောဆိုခဲ့သည်။ 
ရေပိုင်နက်အငြင်းပွားမှု ပြုမူလိုက်နာစရာနည်းလမ်းများနှင့်ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးမှုကို သုံးနှစ်အတွင်း အပြီးသတ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
    အာဆီယံ ၁၀ နိုင်ငံအနက် လေးနိုင်ငံဖြစ်သည့် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်နှင့်ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေသည်။ 
ကာလရှည်ကြာခဲ့ပြီဖြစ်သည့် အငြင်းပွားမှုကြောင့် လက်နက်ကိုင်ထိပ်တိုက်တွေ့ဆုံမှုများရှိလာမည်ကို စိုးရိမ်မှုများရှိနေသည်။
    ရှီ၏ခရီးစဉ် မတိုင်မီတွင် တရုတ်နှင့် ဖိလစ်ပိုင်တို့သည် အငြင်းပွားရေပြင်၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ပူးပေါင်းထုတ်ယူရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ချေ။ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာကိုသာ လက်မှတ်ရေးထိုးခဲ့သည်။
    သဘောတူညီမှုကြောင့် ဖိလစ်ပိ်ုင်သည် ၎င်းတို့ကမ်းရိုးတန်းမှ ရေမိုင် ၂၀ဝ အတွင်း ငါးဖမ်းခွင့်နှင့် သဘာဝအရင်းအမြစ်ထုတ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း နိုင်ငံတကာအသိအမှတ်ပြုထားသည့် အခွင့်အရေး အားနည်းသွားနိုင်ကြောင်း ဖိလစ်ပိုင်အမျိုးသားရေးဝါဒီများကပြောဆိုခဲ့သည်။