ပျောက်ဆုံးခဲ့သည့် စိတ်ကျန်းမားရေးမကောင်း သူ၏ အရိုးစု တွေ့ရှိ

ပျောက်ဆုံးခဲ့သည့် စိတ်ကျန်းမားရေးမကောင်း သူ၏ အရိုးစု တွေ့ရှိ

မင်းလှမြို့မှပျောက်ဆုံးခဲ့သည့် စိတ်ကျန်းမားရေးမကောင်းသူ၏ အရိုးစု နတ်တလင်းမြို့ လယ်တောအတွင်း နိုဝင်ဘာ ၂၀ ရက်တွင်တွေ့ရှိခဲ့သည်။ 

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲတွင် နတ်တလင်းမြို့နယ် ထိပ်ပိတ်ကျေးရွာအုပ်စု ကျီးပင်စာရေးရွာနေ ဦးမြင့်မှ စပါးရိတ်ရန်လယ်ထဲသို့ဆင်းစဉ် လူသေအရိုးစုတွေ့ရှိသဖြင့်လှပခြင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းထံ အကြောင်းကြားခဲ့သည်။ 
၎င်းက တာပွန်နယ်မြေ ရဲစခန်းသို့ ဆက်လက်အကြောင်းကြားသဖြင့် သက်ဆိုင်ရာကသွားရောက်စစ်ဆေးခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးချက်အရသေဆုံးသူအလောင်းအရိုးစု၏ဘေးနားတွင် ပလပ်စတစ်ချင်းတစ်လုံးကိုတွေ့ရပြီး အတွင်း၌ မကြည်ဌေးအမည်ပါ လူမှုဖူလုံရေးကတ်၊ နိုင်ငံသားစိစစ်ရေးကတ် မင်းလှ-ပြည် ရိုးရိုးတန်းရထားလက်မှတ်တစ်စောင် မိန်းမကိုင်အနီရောင်အိတ်တစ်လုံးတစ်ရာတန်ငွေစက္ကူသုံးရွက် ဒေါ်သောင်းစိန်တံဆိပ်ပါ ဆေးဘူးနှင့် ဒဏ်ကြေလိမ်းဆေးတစ်ဘူး တွေ့ရှိခဲ့သည်။ 
အလောင်းအနီးတွေ့ရသည့် ပစ္စည်းအထောက်အထားအရ သေဆုံးသူမှာ မင်းလှမြို့ ညောင်သုံးပင်ရွာနေ ဒေါ်ကြည်ဌေး (၅၉)နှစ် ဆိုသူဖြစ်ကြောင်း သိခဲ့ခြင်းဖြစ်သည်။ 
ဒေါ်ကြည်ဌေးနှင့်ပတ်သက်၍ ၎င်းနေထိုင်ရာ မြို့နယ်ရဲစခန်းသို့ စုံစမ်းရာ သေဆုံးသူမှာ အထက်ပါလိပ်စာအတိုင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 
၎င်းသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကာ သွေးတိုးရောဂါခံစားနေရသူလည်းဖြစ်ကြောင်း၊ လွန်ခဲ့သောတစ်လခန့်က နေအိမ်မှပျောက်ဆုံးသွားကြောင်းညီမဖြစ်သူ ဒေါ်မြင့်အေး၏ ပြောပြချက်အရ သက်ဆိုင်ရာက အတည်ပြုနိုင်ခဲ့သည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ တာပွန်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၉/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။