မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ခဲ့သည့် ဆူဇူကီးဖလားအုပ်စုပွဲစဉ်အား ဗီဒီယို ပြန်လည်ကြည့်ရှုပြီး မိမိတို့သွင်းယူခဲ့သည့်ဂိုး မှာ လူကျွံဘောမဖြစ်ခဲ့ပါက ယင်းဖြစ်ရပ်အား အာဆီယံဘောလုံးအဖွဲ့ချုပ်သို့ ကန့်ကွက်စာ တင်မည်ဟု ဗီယက်နမ်အသင်းနည်းပြချုပ် ပက်ခ်ဟန်ဆွီက ပွဲအပြီးသတင်းစာရှင်းလင်း ပွဲ၌ ပြောဆိုခဲ့သည်။
လူကျွံဘော
လွန်ခဲ့သည့် နိုဝင်ဘာ ၂၀ရက် ညနေ ၆ နာရီက သုဝဏ္ဏကွင်း၌ မြန်မာနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ပွဲချိန် ၇၆ မိနစ်တွင် ဗီယက်နမ်အသင်းမှ ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘောသတ်မှတ်ပေးခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဗီယက်နမ်အသင်းနည်းပြချုပ် နှင့်တာဝန်ရှိသူများက ကန့်ကွက်ခဲ့ကြသည်။
ကန့်ကွက်စာတင်
"ပထမပိုင်းခြေစွမ်းကို လုံးဝအားမရပါဘူး။ ဒုတိယပိုင်းခြေစွမ်းကိုတော့ အထူးတလည် ကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့ လိုချင်တဲ့အနိုင် ရလဒ်ကတော့ မရခဲ့ဘူး။ လူကျွံဘောသတ် မှတ်တဲ့အဖြစ်အပျက်ကိုတော့ သေချာမမြင် လိုက်ရဘူး။ ဒီအဖြစ်အပျက်ကို ဗီဒီယိုပြန်ကြည့် မှာပါ။ ဗီဒီယိုပြန်ကြည့်လို့မှ ဒီဂိုးဟာ လူမကျွံ ခဲ့ဘူးဆိုရင် ဒိုင်ဆုံးဖြတ်ချက်ကို ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်ကိုတင်ပြပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကို ကန့်ကွက်စာတင်သွား မှာပါ" ဟု ပက်ခ်ဟန်ဆွီက ပြောဆိုခဲ့သည်။
ယုံကြည်ချက်အပြည့်ရှိ
ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို အနိုင်ရခဲ့ပါက ရမှတ် ကိုးမှတ်ဖြင့် အုပ်စု(က)ကို ဦးဆောင်နိုင်မည်ဖြစ်သော်လည်း သရေ ရလဒ်သာရယူနိုင်ခဲ့သဖြင့် မြန်မာအသင်းမှာ ရဂိုးအသာဖြင့် အုပ်စုကိုဦးဆောင်ထားဆဲဖြစ် သည်။ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီ ဟေးကမူ နှစ်သင်းစလုံးအတွက် မျှတသည့် ရလဒ်တစ်ခုဖြစ်ပြီး အာဆီယံအဆင့်တစ်နေရာ မှ ဗီယက်နမ်ကို သရေကစားနိုင်ခဲ့သဖြင့် အုပ်စုနောက်ဆုံးပွဲဖြစ်သည့် မလေးရှားနှင့်ပွဲ အတွက် ယုံကြည်ချက်အပြည့်ရှိကြောင်း ပွဲ အပြီး၌ ပြောဆိုခဲ့သည်။
အုပ်စုနောက်ဆုံးပွဲ
မြန်မာအသင်းမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုဝင်ဘာ ၂၄ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် အဝေးကွင်း၌ မလေးရှားနှင့် ယှဉ် ပြိုင်ရမည်ဖြစ်ပြီး ဗီယက်နမ်အသင်းမှာ အိမ် ကွင်း၌ ကမ္ဘောဒီးယားအသင်းကို လက်ခံကစား ရမည်ဖြစ်သည်။














