အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းစုခေါ် အန်ဒမန်ကျွန်းစုများတွင်ပါဝင်သည့် မြောက်ပိုင်းဆန်တီနဲလ်ကျွန်းတွင် ဒေါသထွက်နေသည့်ဒေသခံတိုင်းရင်းသားများက လေးမြားတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အမေရိကန်ခရီးသည်တစ်ဦး သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း အိန္ဒိယက နိုဝင်ဘာ ၂၁ ရက်၌ ထုတ်ပြန်ခဲ့သည်။
ယင်းအတွက် ငါးဖမ်းသမား ခုနစ်ဦးကိုဖမ်းဆီးထားကြောင်း ရဲအရာရှိ ဗီဂျေဆင်းက နိုဝင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ဆုံရာတွင် တည်ရှိသည့် ယင်းကျွန်းသို့ ခရီးသွားလာမှုကို အိန္ဒိယအစိုးရက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။ ဆန်တီနဲလ် လူမျိုးစုသည် သစ်တောထူထပ်သည့်ကျွန်းငယ်တွင် နေထိုင်ကြပြီး ပြင်ပမှလာရောက်သူများကို လက်မခံဘဲ မကြာခဏ တိုက်ခိုက်လေ့ရှိသည်။
အမေရိကန်ခရီးသည်သည် စွန့်စားလှည့်လည်မှုခရီးတစ်ရပ်အနေဖြင့် ကျွန်းသို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၄င်း၏ အလောင်းကိုငါးဖမ်းသမားများက တွေ့ရှိခဲ့ပြီး အိန္ဒိယရဲတပ်ဖွဲ့က ပြန်လည််သယ်ဆောင်ရန် စီစဉ်ခဲ့သည်။ ၄င်းသည် နိုဝင်ဘာ ၁၇ ရက်ကတည်းက သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
တမီနာဒူးလ်ပြည်နယ်မြို့တော် ချန်နိုင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးသည် ဒေသခံအာဏာပိုင်များနှင့် ဆက်သွယ် စုံစမ်းနေကြောင်း ပြောဆိုခဲ့ပြီး သေဆုံးသူ၏ အချက်အလက်များ ထုတ်ပြန်ခြင်းမရှိသေးပေ။ ၂၀၀၆ ခုနှစ်ကလည်း အိန္ဒိယငါးဖမ်းသမားနှစ်ဦးသည် လှေပျက်၍ ယင်းကျွန်းဆီရောက်ရှိခဲ့ရာ ကျွန်းသားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။
















