ကျိုင်းတုံမြို့နယ်တွင် ဇနီးနှင့် သားသမီး(၂)ဦး၏ ဦးခေါင်းကိုတူဖြင့်ထုကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည်ဆိုမှု နိုဝင်ဘာ ၂၁ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညသန်းခေါင် ၁ နာရီခွဲ ဝန်းကျင်၌ အားဒေါင် (စိစစ်ဆဲ)က အရက်ကြောင်ပြီး နေအိမ်တွင် အိပ်ပျော်နေသည့် ဇနီးဖြစ်သူ ဒေါ်မီနေးအားအလေးချိန်(၁)ပိဿခန့်ရှိသည့် တူဖြင့်ထုရန် ကြိုးစားခဲ့သည်။
ဒေါ်မီနေးက ထွက်ပြေးခဲ့သော်လည်း ၎င်းက တူဖြင့်လိုက်ထုခဲ့သောကြောင့် ဒေါ်မီနေးတွင် ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။
ထို့နောက်နေအိမ်တွင်ကျန်ရစ်ခဲ့သည့် မမီရဲ (၈)နှစ်နှင့်သားဖြစ်သူ မောင်အားဆော် (၅)နှစ် တို့ကို အားဒေါင်က တူဖြင့်ထုပြီးနောက် မိမိကိုယ်ကို လည်ပင်းနှင့် ဦးခေါင်းငယ်ထပ်တို့အား ဓါးဖြင့် လှီးဖြတ်ကာသေကြောင်းကြံစည်ခဲ့သည်။
ဒဏ်ရာရသူ ၎င်းတို့ မိသားစုကို ရွာသူရွာသားများက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကျေးရွာသူကြီးက ရဲတပ်ဖွဲ့ထံ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့မရဲစခန်းက (ပ)၅၉၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉ ဖြင့် အမှုဖွင့်ထားရာမှ ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရသည့် မောင်အားဆော်မှာ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉ /၃၀၂ သို့ပြောင်းလဲ အမှုဖွင့်ထားကြောင်း သိရသည်။

















