မန္တလေး- နေပြည်တော်အမြန်လမ်းမကြီးပေါ်၌ ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ကျော်တက်တိမ်းမှောက်မှု နိဝင်ဘာ၂၂ ရက် (ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေး- နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၈/၇ အနီး တွင် ယာဉ်တစ်စီးအရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုနိုင်ဦး (၃၂ နှစ်) မောင်းနှင်သည့် Suzuki ယာဉ်သည် အခင်းဖြစ်ပွားရာနေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကျော်တက်ကာ ဆန့်ကျင်ဘက်လားရာဖြစ်သည့် နေပြည် တော်- မန္တလေး လမ်းဘက်ခြမ်းသို့ရောက်ရှိ တိမ်းမှောက်နေသည်ကို တွေ့ရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ၃ ဦးတွင် ထိခိုက် ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်း မကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

















