တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီ တော်မြတ်ကြီး ရင်ပြင် ကျောက်ပြားခင်းခြင်း အလှူနှင့် အခြားလှူဒါန်း မှုများအားဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုကမ္ပည်းမော်ကွန်း ကျောက်စာတိုင်၊ လောကချမ်းသာနားနေဆောင်နှင့် နိုင်လွန် ကတ္တရာ ရင်ပြင်တော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ် ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ကမ္ဘာဇဘဏ်လှူဒါန်း
အဆိုပါ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ရင်ပြင် ကျောက်ပြားခင်းခြင်းကို ကမ္ဘောဇဘဏ်လီမိတက်က လှူဒါန်းခြင်းဖြစ်ပြီး လောကချမ်းသာ နားနေဆောင်နှင့် နိုင်လွန်ကတ္တရာရင်ပြင်တော်ကို High Land and Road Construction Co., Ltd., ဖြူစင် ကုမ္ပဏီ လီမိတက်၊ မြနန္ဒာထွန်းကုမ္ပဏီလီမိတက်နှင့် အများပြည်သူ ပူးပေါင်း ပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အများပြည်သူလှူဒါန်းငွေ
စူဠာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဈေးဆိုင်ခန်း များတည်ရှိရာနေရာ၊ ကား၊ ဆိုင်ကယ်ရပ်နားရာနေရာ၊ ဘုရားအတက် အဆင်းလမ်းတို့ကို အများပြည်သူလှူဒါန်း ငွေကျပ်သိန်း ၁၄၀ဝ ခန့်ဖြင့် အကုန်အကျခံ၍ နိုင်လွန်ကတ္တရာခင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်းကို အောက်တိုဘာ ၂၈ ရက်တွင် စတင်ဆောင် ရွက်ခဲ့ရာ အကျယ်အဝန်း ပေ ၆၀ဝ၀ဝ ခန့်ရှိသည်။
"ကျွန်တော်တို့ရည်ရွယ်တာကတော့ ဘုရားလာဖူးတဲ့ ပြည်သူ တွေအတွက် ကုသိုလ်လည်းယူရမယ်၊ အပန်းလည်းပြေရမယ့်နေရာ တစ်ခုဖြစ်အောင်ပေါ့။ ကားပါကင်ပေါ်က အမြင်မသင့်တော်တဲ့အဆောက် အအုံတွေကလည်း အများကြီး။ အဲဒါတွေ အကုန်ဖယ်ရှားပြီး ကားရပ်တဲ့ နေရာ ကျယ်ဝန်းအောင်၊ ရှုခင်းတွေပိုပြီးတော့ လှပလာအောင်၊ ဘုရား သပ္ပာယ်မှု ပိုမိုလာအောင်နဲ့ ဘုရားဖူးလာတဲ့ ပြည်သူတွေယာဉ်ရပ်နား ရတာ လွယ်ကူအောင် ရည်ရွယ်ပြီး ခင်းတာပါ။ ကားပါကင်ရော၊ အတက်အဆင်းလမ်းတွေရော နိုင်လွန်ကတ္တရာခင်းခဲ့တာပါ"ဟု စူဠာ မုနိ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတူးငယ်က ပြောဆိုခဲ့သည်။
တက်ရောက်
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လီမိတက်နာယက ဝဏ္ဏကျော်ထင် စည်သူ ဦးအောင်ကိုဝင်း၊ စူဠာမုနိလောကချမ်းသာ စေတီတော်ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးညိုလွန်းနှင့်အဖွဲ့ဝင်များ၊ High Land and Road Construction Co., Ltd., ဖြူစင်ကုမ္ပဏီလီမိတက်နှင့် မြနန္ဒာထွန်း ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ စုစုပေါင်း ၃၀ဝ ခန့်တက်ရောက်ခဲ့ကြသည်။
















