အသက် ၁၀ နှစ်ကျော် စွန်းစွန်းသာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ဟာ အီလက်ထရစ်ဂစ်တာ၊ ီငျအသမအငသည န်နခအ တွေနဲ့ အဆိုတော်လေးဖြူရဲ့ "အမဲလိုက်အက"လို မော်ဒန်ရော့ခ် သီချင်းတစ်ပုဒ်ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တယ်ဆိုရင်တော့ အံ့အားသင့်စရာ ဂီတပါရမီလို့ ဆိုရမှာပါ။ ဒီလိုလူငယ်လေး နှစ်ယောက် မြင်းခြံမှာ ရှိပါတယ်။
အစ်ကိုဖြစ်သူက ဂစ်တာတီးပြီး ညီဖြစ်သူက ဒရမ်ခေါက်ပါတယ်။ "မြင်းခြံကတုံးညီအစ်ကို"လို့ လူမှုကွန်ရက်တွေမှာ ရှာဖွေကြည့်လိုက်ရင် သူတို့နှစ်ယောက် တီးခတ်တင်ဆက်ထားတဲ့ ဗီဒီယိုတွေကို မြင်တွေ့ရမှာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် ဂစ်တာနဲ့ဒရမ်ကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တာ မြင်တွေ့ရမှာပါ။
အသက် ၁၁ နှစ်သာ ရှိသေးတဲ့ အစ်ကိုဖြစ်သူ ဥက္ကာဖြိုးက ဂစ်တာတီးပြီး၊ ညီငယ် လရောင်သစ်ကတော့ အသက် ရှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ညီငယ်ကတော့ ဒရမ်တီးပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ကျော်က သူတို့ညီအစ်ကိုနှစ်ယောက် တီးခတ်၊သီဆို၊ ဖျော်ဖြေနေတာကို ဖခင်ဖြစ်သူက ဗီဒီယိုရိုက်ကူးထားပြီး လူမှုကွန်ရက်ပေါ် တင်ရာကတစ်ဆင့် သူတို့နှစ်ယောက်ရဲ့ လက်စလက်နဟာ လူတွေကြားထဲ တစ်မဟုတ်ချင်း လူသိများလာပါတယ်။ သူတို့ရဲ့ တီးခတ်သီဆိုနေတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုသူသောင်းနဲ့ချီ များပြားလာပြီး ချီးကျူး၊ အားပေးစကားပြောသူတွေနဲ့ ပရိသက်တွေလည်း တဖြည်းဖြည်း များလာပါတယ်။
"ကျွန်တော်တို့ အဲဒီလိုမျိုး အဲဒီလောက်ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး"လို့ အစ်ကိုဖြစ်သူ ဥက္ကာဖြိုးက ပြောပါတယ်။
အွန်လိုင်းပေါ်မှာ စပြီး လူတွေသတိထားမိတုန်းက ကတုံးကေနဲ့မို့ "ကတုံးညီအစ်ကို"အဖြစ် လူသိများပေမဲ့အခုတော့ ဥက္ကာဖြိုးနဲ့ လရောင်သစ်တို့ ညီအစ်ကိုနှစ်ယောက်ဟာ လူတွေရဲ့ ရင်ထဲကို ရောက်ရှိနေခဲ့ပါပြီ။
လူမှုကွန်ရက်ရဲ့ အကူအညီနဲ့ ထင်ပေါ်ခဲ့သူ ဥက္ကာဖြိုးတို့ ညီအစ်ကိုနှစ်ယောက် အခုတော့ စင်ပေါ်မှာ တစ်ခါတလေ ဖျော်ဖြေနေပါပြီ။ တစ်စတစ်စ လူသိများလာရာက တစ်ဆင့် မြင်းခြံမြို့ခံ တီးဝိုင်းတွေနဲ့ ဂီတဖျော်ဖြေပွဲတွေတင်မက နာမည်ကြီးအနုပညာစင်မြင့်တည်ရှိရာ ရန်ကုန်လို မြို့ကြီးပြကြီးမှာလည်း ဖျော်ဖြေတင်ဆက်နေကြပါပြီ။
နိုဝင်ဘာ ပထမအပတ်က ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့တဲ့ "မလွန်ဆန်နိုင်သော သဘာဝအမှန်တရား" ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာလည်း သူတို့ညီအစ်ကိုနှစ်ယောက် ပါဝင်တင်ဆက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အခုဆိုရင် ဂီတဖျော်ဖြေပွဲကြီး ၁၅ ပွဲလောက် ပါဝင်တင်ဆက်ပြီးပါပြီ။
အမျိုးသားကဇတ်ရုံမှာ ဖျော်ဖြေတင်ဆက်ရတာကို အရမ်းနှစ်သက်တယ်လို့ ဥက္ကာဖြိုးက ပြောပြပါတယ်။
"ကဇာတ်ရုံတစ်ခုလုံး လူအပြည့်လေ၊ ဖျော်ဖြေရတာ အရမ်းအားရတယ်"လို့ သူက ဆိုပါတယ်။
ဥက္ကာဖြိုးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ လက်ဦးဆရာကတော့ ဖခင်ဖြစ်သူ ကိုသဲအေးပဲ ဖြစ်ပါတယ်။ ဂီတဗီဇကို ဖခင်ဖြစ်သူထံကနေ လက်ဆင့်ကမ်းတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဖခင်ဖြစ်သူက အစ်ကိုဥက္ကာဖြိုးကို ဂစ်တာတီးသင်ပေးနေတဲ့အခါ အတူတူဝင်ရောက် ဆော့ကစားရာက ညီငယ် လရောင်သစ်ဟာလည်း ဂီတကို တဖြည်းဖြည်း စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
မြင်းခြံမြို့၊ အမှတ် ၁၆ ရပ်ကွက်၊ စွန်းလွန်းကျောင်းအနီး နေထိုင်တဲ့ သူတို့ဟာ သာမန်မိသားစုလေးပါပဲ။ ဖခင်ဖြစ်သူက အရင်က ဒေသခံတီးဝိုင်းတချို့မှာ ပါဝင်တီးခတ်ပြီး ဂစ်တာသင်တန်းဖွင့်ပါတယ်။ မိခင်ဖြစ်သူကတော့ ကြံရည်ရောင်းပါတယ်။
ဥက္ကာဖြိုးက ခုနစ်နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ကိုသဲအေး ဂစ်တာတီးတာကိုကြည့်ရင်း တဖြည်းဖြည်း ဂစ်တာတီးချင်လာတာလို့ ကိုသဲအေးက ဆိုပါတယ်။
"အဖေက သင်တာကိုကြည့်ရင်း အပြင်ထွက်နေတဲ့အချိန်မှာ လိုက်တီးတယ်။ နောက်တော့ သူက သင်တန်းသားတွေထက်တောင် တချို့သင်ခန်းစာတွေကို လျင်လျင်မြန်မြန် တီးတတ်နေပြီ" လို့ကိုသဲအေးက ပြောပါတယ်။
အဲဒီကနေစပြီး သားဖြစ်သူရဲ့ ဂီတဝါသနာကို ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။ ဥက္ကာဖြိုးဟာ တစ်နှစ်ကျော်ကြာ ဂစ်တာသင်ခန်းစာတွေ လေ့ကျင့် တီးခတ်ပြီးတဲ့နောက်မှာတော့ မြင်းခြံက ပွဲတချို့မှာ ဂစ်တာတက်တီးနိုင်အောင် တတ်မြောက်ခဲ့တယ်လို့ ကိုသဲအေးက ဆိုပါတယ်။ ညီငယ်ဖြစ်သူ လရောင်သစ်ရဲ့ ဂီတပါရမီကလည်း ထူးကဲတယ်လို့ ဆိုရမှာပါ။
"ကျွန်တော်တို့ မိသားစုက အအေးဆိုင်ဖွင့်ထားတယ်။ အဲဒီမှာတစ်ရ∙းဘူးတွေကို အငယ်ကောင်က ဒရမ်လိုလုပ်ပြီး လိုက်တီးတယ်။ အကြီးကောင်က ပွဲတွေ ဘာတွေ သွားတီးတဲ့အချိန်မှာ သူများတွေ ဒရမ်တီးတာကို ကြည့်ပြီး တီးတတ်လာတယ်။ နောက်တော့ သူက သူ့ညီကို ပြန်သင်ပေးတယ်" လို့ ကိုသဲအေးက ပြောပါတယ်။
ငယ်ရွယ်နုနယ်တဲ့ အခုအချိန်မှာ ပညာရေးတစ်ဖက်၊ ဂီတဝါသနာတစ်ဖက် ဖြစ်ပေမဲ့ အသက်ကြီးလာရင် ဂီတနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့က ဥက္ကာဖြိုးနဲ့ လရောင်သစ်တို့ရဲ့ အိပ်မက်ပါ။ ကမ္ဘာကျော် ဂီတပညာရှင်ဖြစ်ချင်တယ်ဆိုတဲ့ သူတို့နှစ်ယောက်ရဲ့ အိပ်မက်တွေကို ပြောပြနေချိန်မှာတော့ စိတ်အခိုင်အမာ ပိုင်းဖြတ်ထားပုံရပါတယ်။
ဒါကြောင့်လည်း ဂစ်တာတီးခတ်တာကို နိုင်ငံတကာအဆင့်မီ ပရော်ဖက်ရှင်နယ်ကျကျတီးခတ်နိုင်တဲ့ ကျွမ်းကျင်မှုမျိုး ရလာအောင် သူတို့ ညီအစ်ကိုနှစ်ယောက် သင်ယူလေ့လာပြီး ကြိုးစားနေပါတယ်။
ဥက္ကာဖြိုး အမြဲတမ်းအားကျပြီး အတုယူလေးစားရတဲ့ စံပြအနုပညာရှင်ကတော့ နိုင်ငံကျော် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်ပါ။"ကျွန်တော်က မက်တယ်ရော့ခ်ကို ကြိုက်တယ်" လို့ ဥက္ကာဖြိုးက ဆိုပါတယ်။ သူ့ရဲ့ စံပြအဆိုပညာရှင် ဇော်ဝင်းထွဋ်နဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်သလို နီနီခင်ဇော်၊ ဇော်ပိုင် စတဲ့ နာမည်ကျော် တေးသံရှင်တွေနဲ့လည်း တွေ့ဆုံပြီးပါပြီ။
"အားလုံးက သားတို့ကို အားပေးကြပါတယ်" လို့ သူက ပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေ နာမည်ကြီးလာတာနဲ့အမျှ သူတို့အတွက် ဂီတပါရမီဖြည့်ဘက်တွေလည်း အလိုလိုပေါ်လာပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေက ဂီတတူရိယာပစ္စည်းရောင်းတဲ့လုပ်ငန်းရှင်တွေက သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ လက်စ လက်နကို သိထားလို့ ဂစ်တာနဲ့ တူရိယာတွေ လက်ဆောင်ပေးပြီး မြေတောင်မြှောက်ပေးကြပါတယ်။
"ကျွန်တော် သီချင်းနုတ်တွေနဲ့ တီးခတ်တာမျိုး လေ့ကျင့်နေပါတယ်။ အရင်ကတော့ အလွတ်တီးတာပါ" လို့ ဥက္ကာဖြိုးက ပြောပါတယ်။
ဖျော်ဖြေရေးတွေ၊ ကျောင်းသင်ခန်းစာတွေကြောင့် သူတို့ ညီအစ်ကိုနှစ်ယောက်အတွက်တော့ တခြားကလေးတွေလို သူငယ်ချင်းအပေါင်းအသင်းနဲ့ ပျော်ပါးဆော့ကစားဖို့အချိန်ဆိုတာ သိပ်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရမယ့်အစား သံစဉ်တွေ စည်းချက်တွေနဲ့ ဆော့ကစားရတာကို ပိုပြီးခုံမင်ပါတယ်။
"သူငယ်ချင်းတွေကလည်း သားတို့ကို အားပေးပါတယ်"လို့ ဥက္ကာဖြိုးက ပြောပါတယ်။
သားနှစ်ယောက်ကို ကျောင်းချိန်၊ စာလုပ်ချိန်၊ ဆော့ကစားချိန်နဲ့ ဂီတလေ့ကျင့်ဖို့အချိန်တွေ တိတိကျကျ သတ်မှတ်ပေးထားလို့ သူတို့နှစ်ယောက်ရဲ့ ဂီတဝါသနာကြောင့် ပညာရေးထိခိုက်မှာမဟုတ်ဘူးလို့ ကိုသဲအေးက ဆိုပါတယ်။
မိဘအများစုက သားသမီးတွေကို ကြီးလာရင် ပညာတတ်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊သူဌေးကြီးတွေ ဖြစ်စေချင်ပေမဲ့ သူ့သားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဂီတပညာရှင်ကြီးတွေ ဖြစ်လာဖို့ တားမြစ်မှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။
"သူတို့က ကမ္ဘာကျော် ဂီတ အတီးပညာရှင်တွေဖြစ်ချင်တယ်ဆိုတော့ ကျွန်တော် လုံးဝမထင်ထားဘူး။ မိဘတစ်ယောက်အနေနဲ့ ကျေနပ်တာပေါ့" လို့ ကိုသဲအေးက ပြောပါတယ်။
မိသားစုက မချမ်းသာပေမဲ့ သားတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ အဆင်သင့်ပဲလို့ ကိုသဲအေးကထာသန္နိဋ္ဌာန်ချထားပါတယ်။


















