ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်း တရားမဝင် ဝင်ရောက်အလှူခံသည့် မြန်မာသီလရှင် နှစ်ပါးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ နိုဝင်ဘာ ၂၀ ရက်တွင် မြဝတီမြို့သို့ ပြန်လည်လွှဲပြောင်းခဲ့သည်။
အဆိုပါသီလရှင် ၂ပါးမှာ ဒေါ်ပညာ (ခ) ဒေါ်မာဂရက် (၆၁ နှစ်) နှင့် ဒေါ်မာလာရီ (ခ) ဒေါ်ဝင်းမေ (၆၀ နှစ်) တို့ဖြစ်ပြီး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အတွင်းသို့ ဝင်ရောက်အလှူခံစဉ် ပြည်ဝင်ခွင့် အထောက်အထားမရှိခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့က ငါးရက်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်က တာချီလိတ်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတား၌ မြန်မာအာဏာပိုင်အဖွဲ့ထံ ပြန်လည်လွှဲပြောင်းခဲ့သည်။
အဆိုပါသီလရှင် ၂ပါးကို တာချီလိတ်မြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဆုံးမသြဝါဒခံယူစေကာ လူဝတ်လဲခဲ့ပြီး သက်ဆိုင်ရာက သာသနာညိုးနွမ်းစေမှု ဥပဒေပုဒ်မ ၂၉၅ ( က)အရ အမှုဖွင့် အရေးယူခဲ့ပြီးနောက် တာချီလိတ်ခရိုင်အတွင်း နေထိုင်ခွင့် ၆ လပိတ်ပင်တားမြစ်ခဲ့သည်။

















