သူ့ရဲ့ ရက်သတ္တပတ်ကြာတဲ့ခရီးမှာ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ပိတ်ပင်မထားတဲ့ ကုန်သွယ်မှုတွေ၊ ရေကြောင်းလွတ်လပ်ခွင့်၊ နိုင်ငံအချင်းချင်း လေးစားမှု စတာတွေအပေါ် အခြေခံတဲ့ 'လွတ်လပ်ပွင့်လင်းတဲ့' အင်ဒို-ပစိဖိတ်ဒေသ အစီအစဉ်ကို ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။
မေးစရာရှိတာက ဒီအစီအစဉ်ဟာ အာဏာရှင် စနစ်နဲ့ ရန်စမှုတို့နဲ့ ကင်းလွတ်ရဲ့လားဆိုတာပါပဲ။ ဂျပန်ကတော့ ဒီအစီအစဉ်ကို ကူညီအကောင်အထည် ဖော်ပေးဖို့ စိတ်ဝင်စားနေတယ်။ အမှန်တော့ ဂျပန် ဝန်ကြီးချုပ် အာဘေးဟာ ထရမ့်ရဲ့ အဓိကအစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ ဒီအတွေးအမြင်ကို စတင်ခဲ့သူဖြစ်တယ်။ ဂျပန်ဟာ အင်အားကြီးလာတဲ့ တရုတ်ကို တုံ့ပြန်ဖို့ ဒေသတွင်း သူ့ရဲ့ လွှမ်းမိုးမှုမြင့်တက်အောင် လုပ်ဆောင် နေတယ်။ ဂျပန်က ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့အချက်ရယ်၊ နည်းပညာမြင့်ထုတ်ကုန်တွေရယ်၊ မကြာသေးမီက အချုပ်အနှောင့် တချို့က ကင်းလွတ်လာတဲ့ စစ်တပ်ရယ်တို့ကို အားကိုးပြီး ဂျပန်ဟာ သူ့ရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို မြှင့်တင်နေတယ်။
ဂျပန်ရဲ့ ကမ္ဘာ့အဆင့်မီရေတပ်ဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာနေပြီး ဒေသတွင်း နေရာတစ်ခုကို အခိုင်အမာတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်။ ဥပမာ ပေးရရင် တောင်တရုတ်ပင်လယ်မှာ တရုတ်ကို အာခံဖို့ စက်တင်ဘာလမှာ ဂျပန် ရေငုပ်သင်္ဘောတစ်စင်းနဲ့ ဖျက်သင်္ဘောသုံးစင်းတို့ဟာ ကင်းလှည့်ခဲ့တယ်။ အမေရိ ကန်ကာကွယ်ရေးဝန်ကြီးဟောင်း ကာတာက မကြာသေး မီက ဂျပန်ဟာ အာရှလုံခြုံရေးမှာ ပါဝင်ချင်တာဟာ သူ့ကို ဒေသတွင်းမှာ အားကောင်းတဲ့နိုင်ငံဖြစ်လာစေတယ်လို့ ပြောခဲ့တယ်။
ဒါပေမဲ့ လွတ်လပ်ပွင့်လင်းမြင်သာတဲ့ အင်ဒို”ပစိဖိတ် ဒေသကို ဖန်တီးဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံတည်းနဲ့မရဘူး။ တည်ငြိမ်တဲ့ အာဏာချိန်ခွင်ကို အကောင်အထည်ဖော်ဖို့ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သြစတြေးလျ စတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေ အကုန်ပါဖို့လိုတယ်။ သတင်းကောင်းကတော့ အာဘေးက ဒီလိုပူးပေါင်းဆောင်ရွက်မှုက အရေးပါတယ်ဆိုတာ သဘောပေါက်တယ်။ ဥပမာပြရရင် ဒေသတွင်း ဒီမိုကရေစီအကျဆုံး အိန္ဒိယနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆွေးနွေးတုန်း သူက အင်အားကြီးမားတဲ့ အိန္ဒိယက ဂျပန်အတွက် အကျိုးဖြစ်ထွန်းစေပြီး အင်အားကြီးမားတဲ့ ဂျပန်ကလည်း အိန္ဒိယကို အကျိုး ဖြစ်ထွန်းစေတယ်လို့ ပြောခဲ့တယ်။
ဒါကို စိတ်ထဲမှာထားပြီး အာဘေးနဲ့ မိုဒီတို့ဟာ မကြာသေးမီက နှစ်နိုင်ငံစစ်တပ်တွေကို ဆက်သွယ်ခွင့်ပေးမယ့် စစ်ဘက်ဆိုင်ရာ ပို့ဆောင်ရေးစာချုပ် ချုပ်ဆိုဖို့ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့တယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးပွဲအပြင် အာဘေးနဲ့ မိုဒီတို့က ရေတပ်နဲ့ရေပိုင်နက်လုံခြုံရေးအတွက် ပူးပေါင်းဖို့နဲ့ မြန်မာလို တတိယနိုင်ငံတွေမှာ စီမံကိန်းတွေ တွဲဖက်လုပ်ပြီး မဟာဗျူဟာမြောက် ဆက်ဆံ မှုတွေတိုးမြှင့်ဖို့ သဘောတူခဲ့တယ်။
ဆွေးနွေးပွဲမှာ ဂျပန်နဲ့ အိန္ဒိယက နှစ်နိုင်ငံပေါင်းစည်းမှုအတွက် "မျှဝေမယ့် လုံခြုံရေး၊ သာယာဝပြောမှုနဲ့ ကံကြမ္မာ" ဆိုတဲ့ ဆောင်ပုဒ်အသစ်ကို သုံးခဲ့တယ်။ အာဘေးရဲ့ဖူဂျီတောင်နားက အပန်းဖြေအိမ်မှာ အာဘေးနဲ့ မိုဒီတို့ ခင်ခင်မင်မင် သက်သောင့်သက်သာ တွေ့ဆုံခဲ့မှုဟာ အဲဒီမတိုင်မီနှစ်ရက်တုန်းက ပေကျင်းမှာ အာဘေးနဲ့ ရှီကျင့်ဖျင်တို့ စိတ်မပါလက်မပါ တွေ့ခဲ့တာနဲ့ယှဉ်လိုက်ရင် ဆန့်ကျင်ဘက်ဖြစ်နေတယ်။
ဂျပန်နဲ့ အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုဟာ အမေရိကန်-ဂျပန်-အိန္ဒိယ သုံးနိုင်ငံ ပူးတွဲရေတပ်စစ်ဆင်ရေး လေ့ကျင့်မှု 'မာလာဘာ' ပေါ်မှာ မူတည်တယ်။ မာလာဘာဟာ အင်ဒို”ပစိဖိတ်ဒေသမှာ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်နဲ့ လေယာဉ်ပျံသန်းသွားလာမှုကို ကာကွယ် ဖို့အတွက် အရေးပါလာတယ်။ အိန္ဒိယဟာ အမေရိကန်နဲ့ စာချုပ်ချုပ်ဆိုထားသလို ဂျပန်နဲ့ပါ စစ်တပ်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအတွက် စာချုပ်ချုပ်မယ်ဆိုရင် အိန္ဒိယရေတပ်ဟာ အနောက်ပစိဖိတ်ဒေသကို ခြေဆန့်နိုင်မှာဖြစ်ပြီး ဂျပန်ကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ ရေတပ်အင်အားကို တိုးချဲ့နိုင်လိမ့်မယ်။
ကံကောင်းစွာနဲ့ပဲ အင်ဒို-ပစိဖိတ်ဒေသရဲ့ ရေကြောင်း သွားလာရေးနဲ့ဆိုင်တဲ့ ဒီမိုကရေစီ လေးနိုင်ငံဖြစ်တဲ့ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ အင်အားအကြီးဆုံး အခြေအနေမှာ ရှိနေတယ်။ အဲဒီ လေးနိုင်ငံဟာ အစုတစ်စုအနေနဲ့ စတင်ပေါင်းစည်းဆောင်ရွက်သင့်ပြီး အိန္ဒိယနဲ့ ဂျပန်ဟာလည်း ဒေသတွင်းမှာ ပိုမိုပေါင်းစည်းသင့်တယ်။ ဒါပေမဲ့ ဒီပေါင်းစည်းမှုက အခက်အခဲတွေ ကြုံတွေ့ နိုင်တယ်။ ပထမဆုံးအနေနဲ့ ဂျပန်နဲ့ အမေရိကန်ရဲ့ အရှေ့အာရှမှာ အရင်းနှီးဆုံးမဟာမိတ် တောင်ကိုရီးယားကြားမှာ သမိုင်းရန်စတွေ ရှိနေတာပါပဲ။
ဒုတိယကမ္ဘာစစ်တုန်းက ကိုရီးယားအမျိုးသမီးတွေကို ဂျပန်က ဇိမ်မယ်အဖြစ် အသုံးပြုခဲ့တဲ့ကိစ္စဟာ အခုထိ အခဲမကျေသေးဘူး။ ၂၀၁၅ ခုနှစ်မှာ အာဘေးနဲ့ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွမ်ဟေးတို့က နဂိုအတိုင်း ပြန်မဖြစ်တဲ့နည်းနဲ့ရှင်းဖို့ သဘောတူခဲ့ကြတယ်။ ဂျပန်က ပြန်တောင်းပန်ပြီး သားကောင်ဖြစ်ခဲ့သူတွေအတွက် ယန်းငွေ တစ်ဘီလျံ လျော်ကြေးပေးမယ်ဆိုတာပဲ။
ဒါပေမဲ့ ဒီနှစ်အစောပိုင်းက လက်ရှိသမ္မတ မွန်ဂျေအင်းက ဒါဟာ လက်မခံနိုင်စရာ သဘောတူညီမှုဆိုပြီး ပယ်ချခဲ့တယ်။ မကြာမီက တောင်ကိုရီးယား ဗဟိုတရားရုံးက ဂျပန်ရဲ့ သံမဏိကုမ္ပဏီကြီးတစ်ခုကို ဂျပန်၊ ကိုရီးယားကို အုပ်ချုပ်စဉ်က "လုပ်အားအတွက် အကြမ်းဖက်ခိုင်းစေတယ်" လို့ စွပ်စွဲလျော်ကြေးပေးခိုင်းခဲ့ပေမဲ့ ၁၉၆၅ ခုနှစ် တုန်းက နှစ်နိုင်ငံသဘောတူညီမှုအရ ဒီကိစ္စတွေက အဆုံးစွန်ဖြေရှင်းသွားပြီလို့ ဆိုရမှာပဲ။
တောင်ကိုရီးယားနဲ့ ဂျပန်ကြားက ခါးသီးတဲ့ဆက်ဆံရေးဟာ တရုတ်အတွက်တော့ အကြိုက်ပါပဲ။ တောင်ကိုရီးယားဟာ သမိုင်းကို မေ့မထားသင့်ပေမဲ့ အိန္ဒိယ၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့လို ဂျပန်နဲ့ ရင်းနှီးတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေး တည်ဆောက်သင့်တယ်။ နောက်ထပ် အတားအဆီးတစ်ခုကတော့ အဓိကကျတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မငြိမ်မသက်ဖြစ်နေတာပဲ။ ဗျူဟာကျတဲ့ တည်နေရာဖြစ်တဲ့ သီရိလင်္ကာမှာ သမ္မတ သီရိသေနက ဝန်ကြီးချုပ်ကို ထုတ်ပစ်ပြီး လုပ်ပိုင်ခွင့်မရှိဘဲ ရှောင်တခင် ရွေးကောက်ပွဲခေါ်လိုက်တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအားလျော့သွားပြီဆိုရင် စီးပွားရေးတည်ငြိမ်ပေမဲ့ နိုင်ငံရေးအရ ကွဲပြားနေတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ ဂယက်တွေဖြစ်လာနိုင်တယ်။
ဘာပဲဖြစ်ဖြစ် ဂျပန်နဲ့ အိန္ဒိယကြား ပိုကောင်းလာတာဟာ တရုတ် အဓိက အာရှတိုက်ကို ထိထိရောက်ရောက် ဟန့်တားထားနိုင်တယ်။ တရုတ်ပြီးရင် ဒေသတွင်း အင်အားအကြီးဆုံးဖြစ်တဲ့ ဂျပန်နဲ့ အိန္ဒိယသာဒေသတွင်းမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ပေါင်းစည်းဖို့ တတ်နိုင်ခဲ့ရင် လွတ်လပ်ပွင့်လင်းမြင်သာတဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ တကယ်ဖြစ်လာနိုင်တယ်။
(ဤဆောင်းပါးသည် Brahma hellaney ၏ အာဘော်သာဖြစ်သည်။ သူသည်နယူးဒေလီအခြေစိုက် Policy Research က Strategic Studies ၏ ပါမောက္ခဖြစ်ပြီး ဘာလင်မြို့ရှိ Robert Bosch Academy ၌ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီး Asian Juggernaut, Water: Asia's New Battleground နှင့် Water Peace and War: Confronting the Global Water Crisis စာအုပ်များအပါအဝင် စာအုပ်ကိုးအုပ် ရေးသားခဲ့သည်။) (Project Syndicate)

















