ဟောင်ကောင်-၂၀၁၄ ခုနှစ်တွင် နှစ်လ ကျော်ကြာ ဟောင်ကောင်မြို့ရှိ ဘဏ္ဍာရေးအချက်အချာကျသည့် ခရိုင် ရပ်ဆိုင်းသွားခဲ့သော Occupy Central ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ဆန္ဒပြခေါင်းဆောင်လေးဦးနှင့် အခြားဆန္ဒပြသူ ခြောက်ဦးတို့ကို နိုဝင်ဘာ ၁၉ ရက်တွင် တရားရုံးတွင် စစ်ဆေးခဲ့သည်။
အဆိုပါကိုးဦးကို စစ်ဆေးမည့် တရားရုံးသို့ ဒီမိုကရေစီရေးဆန္ဒပြလှုပ်ရှားမှုကို ထောက်ခံအားပေးသူ ၁၀ဝ နှင့် အထက် လှုပ်ရှားမှုအမှတ်အသားဖြစ်သော အဝါရောင်ထီးများကို ကိုင်ဆောင်ပြီး တက်ရောက်အားပေးခဲ့ကြသည်။ ဟောင်ကောင် ထိပ်တန်းခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးကောက်ပွဲဝင်ခွင့်ရရန် လှုပ်ရှားခဲ့သော ဒီမိုကရေစီရေးဆန္ဒပြလှုပ်ရှားမှုကို အတူတကွ ဦးဆောင်ခဲ့သည့်တက္ကသိုလ် ပါမောက္ခနှစ်ဦး၊ သင်းအုပ်ဆရာတစ်ဦး၊ လက်ရှိ ဥပဒေပြဋ္ဌာန်းသူနှစ်ဦး၊ ဥပဒေပြဋ္ဌာန်းသူဟောင်းတစ်ဦး၊ ကျောင်းသားခေါင်းဆောင်နှစ်ဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ အများပြည်သူအနှောင့်အယှက်ဖြစ်စေမှု၊ သွေးထိုးလှုံဆော်ရန် ပူးပေါင်းကြံစည်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသည်။ စွဲချက်တစ်ခုချင်းစီက ထောင်ဒဏ် အများဆုံး ခုနစ်နှစ်အထက် ချမှတ်နိုင်သည်။
ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့မှုဖြင့် တက္ကသိုလ် ကျောင်းသားသုံးဦး ၂၀၁၆ ခုနှစ်တွင် တရားစွဲခံခဲ့ရသည်။ သို့သော် အနာဂတ် ဆန္ဒပြပွဲများကို ကာကွယ်ရန် ပြစ်ဒဏ်ပိုမိုချမှတ်သွားရန် တရုတ်အစိုးရ ဖိအားပေးခြင်းကို ဟောင်ကောင် တရားသူကြီးများက ခံနေရသည်။
ထီးလှုပ်ရှားမှုခေါ် ဆန္ဒပြပွဲက ၇၉ ရက်အကြာ အစိုးရဌာနချုပ်များကို ဝန်းရံဆန္ဒပြခဲ့သော်လည်း မည်သည့် လိုက်လျောမှုမှ မရရှိခဲ့ပေ။ ထို့ပြင် လူထောင်ပေါင်းများစွာက ဘဏ္ဍာရေးအချက်အချာကျသော ခရိုင်တွင် သပိတ်စခန်းများဖွင့်လှစ်ပြီး ဆန္ဒပြခဲ့သော်လည်း လူရာချီ ဖမ်းဆီးခံခဲ့ရသည်။ ယခု ရုံးတင်စစ်ဆေးမှုမှ ရက် ၂၀ ခန့် ကြာမြင့်သွားဖွယ်ရှိသည်။
















