ပင်လယ်ပြင် အငြင်းပွားမှု သုံးနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှီကျင့်ဖျင် ပြောကြား

ပင်လယ်ပြင် အငြင်းပွားမှု သုံးနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှီကျင့်ဖျင် ပြောကြား

မနီလာ  (ဖိလစ်ပိုင်)-အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကိစ္စရပ်နှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန် မကျူးကျော်ရေးစာချုပ်အပေါ် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများကြားဆွေးနွေးညှိနှိုင်းမှုသည် သုံးနှစ်အတွင်း အပြီးသတ်နိုင်မည်ဖြစ်ကာ မည်သည့် သဘောထားကွဲလွဲမှုမျိုးကိုမဆို ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ကတိပြုကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၀ ရက်က ပြောကြားလိုက်သည်။

ဖိလစ်ပိုင်သို့ ရောက်ရှိစဉ်အတွင်း ဖိလစ်ပိုင်နှင့် ဆက်ဆံရေးနက်ရှိုင်းရန် ရည်ရွယ်ကာ ရှီက သမ္မတ ရိုဒရီဂိုဒူတာတေး၊ အခြားတာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးပြီးနောက် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အာရှသုံးနိုင်ငံသို့ ရှီသွားရောက်ရာတွင် ဖိလစ်ပိုင်မြို့တော်မနီလာ၌ နောက်ဆုံးရပ်နားကာ ဖိလစ်ပိုင်သို့ အခြေခံအဆောက်အအုံ ချေးငွေနှင့် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ဒေသတွင်း သြဇာလွှမ်းမိုးရန် အမေရိကန်ပြည်ထောင်စုနှင့် ယှဉ်ပြိုင်နေသည့်ကြားမှပင် လွတ်လပ်စွာကုန်သွယ်မှုအတွက် ရပ်တည်ကာကွယ်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။

ရှီ မလာရောက်မီက တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အငြင်းပွားနေသော ရေပိုင်နက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်မှုကို ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီချက်တစ်ခုကို ဆွေးနွေးရန် ကြိုးပမ်းခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။ ၎င်းတို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးအပေါ် နားလည်မှု စာချွန်လွှာတစ်ခုကို နိုဝင်ဘာ ၂၀ ရက်က လက်မှတ်ရေးထိုးခဲ့သော်လည်း တာဝန်ရှိသူများက အသေးစိတ်ကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

ဖိလစ်ပိုင်နိုင်ငံကမ်းခြေမှ ရေမိုင် ၂၀ဝ အတွင်း ငါးဖမ်းခြင်းနှင့် သယံဇာတတူးဖော်ရန် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ဖိလစ်ပိုင်၏ အထူးအခွင့်အရေးကို မည်သည့် စာချုပ်ဖြင့်ဖြစ်စေ မလိုက်နာနိုင်ခြင်းသည် ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံကို ချိုးဖောက်ရာ ရောက်သည်ဟု ဖိလစ်ပိုင် အမျိုးသားရေးဝါဒီတို့က သတိပေးပြောကြားလိုက်သည်။

ရှီ ဖိလစ်ပိုင်သို့သွားရောက်ခြင်းသည် ၁၃ နှစ်အတွင်း တရုတ်သမ္မတစ်ဦး ပထမဆုံး လာရောက်ခြင်းဖြစ်သည်။လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အခြေခံအဆောက်အအုံချေးငွေ အစီအစဉ်၏ ဒုတိယအကြိမ်နိုင်ငံတကာဖိုရမ်သို့ ဖိလစ်ပိုင်သမ္မတ တက်ရောက်ရန် ရှီက ဖိတ်ခေါ်ခဲ့သည်။

အဆိုပါ ချေးငွေအစီအစဉ်သည် ဆင်းရဲသည့်နိုင်ငံများကို အကြွေးဖြင့် တုပ်နှောင်ရန် သွေးဆောင်ဖြားယောင်းခြင်းဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ဝေဖန်ပြောကြားကာ ၎င်းတို့၏ လွတ်လပ်စွာရပ်တည်မှုကို ထိခိုက်နိုင်ကြောင်း သတိပေးလိုက်သည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။