ဝေလငါးသေဗိုက်ထဲက ပလတ်စတစ်ခွက် ၁၁၅ ခွက်တွေ့ရှိ

ဝေလငါးသေဗိုက်ထဲက ပလတ်စတစ်ခွက် ၁၁၅ ခွက်တွေ့ရှိ

ဂျကာတာ-အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် လှိုင်းပုတ်၍ ကမ်းတင်နေသော ဝေလငါးသေတစ်ကောင်၏ ဗိုက်ထဲတွင် ခွက်များ၊ ဘူးများနှင့် ညှပ်ဖိနပ်များအပါအဝင် ပလတ်စတစ်အမှိုက် အခဲတုံးကြီးတစ်ခု တွေ့ရှိခဲ့သည်ဟု ပန်းခြံမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့ရာ ကမ္ဘာပေါ်တွင် ပလတ်စတစ်ညစ်ညမ်းမှု အများဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှား
ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးပညာရှင်များနှင့် အစိုးရအရာရှိများကြား စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေသည်။

ဝေလငါးသေကို ရွာသားများက ခုတ်ထစ်လှီးဖြတ်မည်ဟု သတင်းကြားပြီးနောက် ၃၁ ပေရှည်လျားသော အဆိုပါ ဝေလငါးသေကို ဆူလာဝေစီပြည်နယ် အရှေ့တောင်ပိုင်းရှိ ဝါကာတိုဘီ အမျိုးသားပန်းဥယျာဉ်အနီးတွင် နိုဝင်ဘာ ၁၉ ရက်က ကယ်ဆယ်ရေးလုပ်သားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပန်းဥယျာဉ် အကြီးအကဲဖြစ်သူ ဟာရီဆန်တိုဆိုက ပြောကြားသည်။ ဝေလငါးသေဗိုက်ထဲက ပလတ်စတစ်ခွက် ၁၁၅ ခွက်၊ ပလတ်စတစ်ဘူး လေးဘူး၊ ပလတ်စတစ်အိတ် ၂၅ အိတ်၊ ညှပ်ဖိနပ်နှစ်ခု၊ နိုင်လွန်အိတ် တစ်အိတ်နှင့် အခြား ပလတ်စတစ် ပစ္စည်းမျိုးစုံ ၁çဝ၀ဝ ကျော်ခန့်ရှိသည့် အလေးချိန် ၁၃ ပေါင်ခန့်ရှိ ပလတ်စတစ်အမှိုက်များကို သဘာဝတောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့် ပန်းခြံထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ သုတေသီများကတွေ့ရှိခဲ့သည်ဟု ဆန်တိုဆိုက ပြောကြေားခဲ့သည်။
"ဒီဝေလငါးကြီး သေဆုံးရတဲ့ အကြောင်းရင်းကို ကျွန်မတို့ အဖြေမထုတ်ရသေးပေမဲ့ ဒီလိုအရာတွေကို တွေ့လိုက်ရတာကတော့ တကယ့်ကို ဆိုးရွားလွန်းလှပါတယ်" ဟု ရေသတ္တဝါမျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်သူ ဒီဝီဆူပရက်တီက ပြောကြားသည်။
ဝေလငါးကြီးမှာ အလွန်ပုပ်သိုးနေသည့်အတွက် ပလတ်စတစ်အမှိုက်များသည် သေဆုံးရသည့်အကြောင်းရင်း ဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းကပြောကြားသည်။ လူဦးရေ သန်း ၂၆၀ နေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ် တွင် ပလတ်စတစ်ညစ်ညမ်းမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်ဟု ဇန်နဝါရီလက သိပ္ပံဂျာနယ်တစ်ခုတွင် ထုတ်ပြန်ထားသည့်
လေ့လာမှုတစ်ခုအရ သိရသည်။ 
အင်ဒိုနီးရှားသည် စီမံခန့်ခွဲမှု မလုပ်နိုင်သည့် ပလတ်စတစ်အမှိုက် တစ်နှစ်လျှင် တန်ချိန် ၃ ဒသမ ၂ သန်းထွက်ရှိကာ ၎င်းတို့အနက် ၁ ဒသမ ၂၉ သန်းမှာ ပင်လယ်သမုဒ္ဒရာထဲသို့ ရောက်ရှိသွားသည်ဟု အဆိုပါလေ့လာမှု၌ ဖော်ပြထားသည်။
ဝေလငါးသေတွေ့ရှိမှုကြောင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် အများပြည်သူအသိအမြင်ကို မြှင့်တင်ရန်နှင့် သမုဒ္ဒရာပြင်ကို ကာကွယ်ရန် အစိုးရက တင်းကျပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု အင်ဒိုနီးရှားရှိ ပင်လယ်ပြင် ကိစ္စရပ်များဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးဖြစ်သူ လူဟတ်ဘင်ဆာ ပန်ဂျေတန်က ပြောသည်။ 
ဈေးဆိုင်များက ဈေးဝယ်သူများကို ပလတ်စတစ်အိတ်များဖြင့် ထည့်မပေးရန် တိုက်တွန်းနှိုးဆော်ခြင်း၊ နိုင်ငံအနှံ့စာသင်ကျောင်းများတွင် ပလတ်စတစ်ပြဿနာများ အကြောင်း သင်ကြားပေးခြင်းအပါအဝင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် အစိုးရက ကြိုးပမ်းဆောင်ရွက်နေကာ ၂၀၂၅ ခုနှစ်တွင် ပလတ်စတစ်သုံးစွဲမှုကို ၇၀ ရာခိုင်နှုန်း လျှော့ချရန် အစိုးရက ရည်မှန်းထားသည်ဟု ၎င်းက ပြောကြားသည်။ ပလတ်စတစ်အမှိုက်များသည် ဘုံရန်သူဖြစ်သည်ဟု အများပြည်သူက သိရှိနားလည် သဘောပေါက်ပါက ထိုရည်မှန်းချက်ကြီးကို ရရှိနိုင်မည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။