ထိုင်းနိုင်ငံတွင် အလုပ်အတူလုပ်သူချင်း စကားများရန်ဖြစ်ရာက သတ်ဖြတ်ခဲ့သည်ဆိုကာ မြန်မာနိုင်ငံသို့ပြန်ရောက်စဉ် လာရောက်အဖမ်းခံ

ထိုင်းနိုင်ငံတွင် အလုပ်အတူလုပ်သူချင်း စကားများရန်ဖြစ်ရာက သတ်ဖြတ်ခဲ့သည်ဆိုကာ မြန်မာနိုင်ငံသို့ပြန်ရောက်စဉ် လာရောက်အဖမ်းခံ

ထိုင်းနိုင်ငံတွင် အလုပ်အတူသွားရောက်လုပ်ကိုင်သူချင်း စကားများရန်ဖြစ်ရာက သတ်ဖြတ်ခဲ့ပြီး မြန်မာနိုင်ငံသို့ပြန်ရောက်စဉ် လာရောက်အဖမ်းခံခဲ့သူကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း နိုဝင်ဘာ ၂၂ ရက်က သိရသည်။

နိုဝင်ဘာ ၂၀ ရက် နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်  ကွင်းရှည်ကျေး ရွာနေ တင်စိုး(ခ)ငစိုး(၃၉)နှစ် သည် ရေးမြို့မရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်းသည် လွန်ခဲ့သော ၆ နှစ်ခန့်က ထိုင်းနိုင်ငံ၌ အလုပ်သွားရောက်လုပ်ကိုင်ခဲ့စဉ် လူသတ်မှုကျူးလွန်ခဲ့ကြောင်းပြောပြကာ လာရောက် အဖမ်းခံခဲ့သည်။

သက်ဆိုင်ရာက ၎င်းအား စုံစမ်းစစ်ဆေးချက်အရ ၎င်းမှာ ထိုင်းနိုင်ငံ ဖန်ငါးမြို့၌ အနင်းဆိုသူ၏ ရာဘာခြံအတွင်းရှိ တဲ၌ တစ်ရွာတည်းနေ ဝင်းနိုင်ဦး(၂၈)နှစ်အတူ အရက်သောက်ခဲ့ပြီး ရာဘာချေးထည့်ရန် ဆန်အိတ်ခွံများ အကြိမ်ကြိမ်ဝယ်ယူခိုင်းခဲ့သော်လည်း မသွားနိုင်ကြောင်းငြင်းဆန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍  ဝင်းနိုင်ဦးနှင့် စကားများရန်ဖြစ်ခဲ့ကြသည်။

ထိုသို့စကားများစဉ်  ဝင်းနိုင်ဦးက လက်သီးဖြင့်ထိုးသဖြင့် ၄င်းက ခြံခုတ်ဓားဖြင့်ခုတ်ခဲ့ပြီး ဝင်းနိုင်ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကာ အလောင်းကို ရာဘာခြံအနောက်ဘက် ပေ(၁၀ဝ) ခန့်အကွာရှိ အကျယ် (၄)ပေခန့် အမှိုက်ကျင်းဟောင်းအတွင်း မြှုပ်နှံခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဝင်းနိုင်ဦး၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်ကာ ဆိုင်ကယ်ကို ထိုင်းနိုင်ငံအတွင်းရှိ ရွာတစ်ရွာ၌ ထိုင်းဘတ် ငွေ(၅၀ဝ၀)ဘတ်ဖြင့် ရောင်းချခဲ့သည်။

ထို့နောက် လက်ကိုင်ဖုန်းမှ ဆင်းကတ်ကိုဖြုတ်၍ ၎င်းနေထိုင်သည့် ခြံထဲတွင် သိမ်းထားကာ ရေးမြို့နယ် ကွင်းရှည်ကျေးရွာသို့ ပြန်လာကြောင်း၊ ထိုသို့ပြန်လာစဉ် ဝင်းနိုင်ဦး၏ မိခင်နှင့် မိသားစုများက ဝင်းနိုင်ဦး၏ အကြောင်းကို မေးမြန်းခဲ့သော်လည်း ၄င်းက ထိုင်းနိုင်ငံ ပေါ်ကတ်မြို့သို့အလုပ်လုပ်ရန်ထွက်သွားခဲ့ပြီး အဆက်အသွယ်မရဟုသာ လိမ်လည်ပြောဆိုခဲ့ပြီးနောက် ယခုနေထိုင်စဉ်ကာလအတွင်း အပြစ်ရှိသည်ဟု ခံစားလာရသဖြင့် ရဲစခန်းသို့လာရောက် အဖမ်းခံခြင်းဖြစ်ကြောင်း ရဲစခန်း၌ ထွက်ဆိုခဲ့သည်။

ရေးမြို့မရဲစခန်း(ပ) ၆၀၁/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂/၂၀၁ အရ အမှုဖွင့်ကာ ဆက်လက်ဆောင်ရွက်ထားသည်။