ကဘူးလ် ” နိုဝင်ဘာ ၂၀ ရက်တွင် အာဖဂန်မြို့တော်၌ အစ္စလာမ်ဘာသာ တမန်တော် မိုဟာမက်၏ မွေးနေ့ပွဲ ကျင်းပပြုလုပ်သည့်နေရာတွင် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များကို ပစ်မှတ်ထားသော အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်။ အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ၈၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအနက် လူ ၂၀ မှာ အရေးပေါ်အခြေအနေတွင်ရှိကြောင်း သိရပြီး သေဆုံးမှုနှုန်း ဆက်လက် မြင့်တက်လာဖွယ်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
တမန်တော် မိုဟာမက် မွေးနေ့ပွဲ အတွက် ရာပေါင်းများစွာသော အစ္စလာမ် ဘာသာရေးခေါင်းဆောင်များနှင့် ဓမ္မဆရာများ စုဝေးခဲ့သည့် ကဘူးလ်မြို့ရှိ မင်္ဂလာခန်းမအတွင်း အသေခံဗုံးခွဲသမားက ခိုးဝင်၍ ဗုံးဖောက်ခွဲခဲ့သည်။ တစ်စုံတစ်ယောက်က တိုက်ခိုက်မှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ယခင်က အစိုးရနှင့် ပတ်သက်သော ဘာသာရေးခေါင်းဆောင်များကို တာလီဘန်သူပုန်များနှင့် ပြည်တွင်း အိုင်အက်စ် အကြမ်းဖက် အဖွဲ့အစည်းဝင် အသင်းအဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖူးသည်။
အစ္စလာမ် ဘာသာရေးတန်ဖိုးနှင့် တမန်တော် မိုဟာမက် နောက်လိုက်များကို တိုက်ခိုက်မှုတစ်ခုဟု အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီက ပြောကြားခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်ကို ဝမ်းနည်းကြေကွဲစရာနေ့တစ်နေ့အဖြစ် ကြေညာခဲ့သည်။ "လူသားတွေအပေါ် တိုက်ခိုက်မှုတစ်ခုဖြစ်တယ်" ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အဆိုပါ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသော မိသားစုများကို ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံက တာလီဘန်အကြမ်းဖက်အဖွဲ့ကို ခိုလှုံခွင့်ပေးထားသည်ဟု အမေရိကန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့က စွပ်စွဲခဲ့ကြသည်။
ပါကစ္စတန်နိုင်ငံက စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးရရှိအောင် အဆိုပါ အကြမ်းဖက်အုပ်စုကို ၎င်း၏ သြဇာလွှမ်းမိုးမှုကို အသုံးပြု၍ ကြိုးပမ်းလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
ဇွန်လ၌ ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သော လူခုနစ်ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့သည့် ထိပ်တန်း ဘာသာရေးခေါင်းဆောင်အစည်းအဝေးကို အသေခံ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက် အဖွဲ့အစည်းကအတည်ပြုခဲ့သည်။
ဘာသာရေးခေါင်းဆောင်များ စုဖွဲ့ထားသော အာဖဂန်ယူလီမာ ကောင်စီက အသေခံဗုံးခွဲတိုက်ခိုက်မှုကို ဆန့်ကျင်ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုခဲ့ကြသည်။
အမေရိကန် ကျောထောက်နောက်ခံပြုထားသော အစိုးရဘက်ကဖြစ်သော ဘာသာရေးခေါင်းဆောင်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ကပြောကြားခဲ့သည်။ တာလီဘန်အကြမ်းဖက်အဖွဲ့က ဇွန်လ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အဆိုပါ စုဝေးမှုကို ၎င်းတို့က ရှုတ်ချခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ စစ်ဆင်ရေး တရားဝင်အဆုံးသတ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များက အဆိုပါ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကို နှိမ်နင်းရာတွင် ရုန်းကန်နေရလျက်ရှိသည်။
အရပ်သားရာပေါင်းများစွာ သေဆုံးခဲ့သော ရှီယာမွတ်စလင် လူမျိုးစု စုဝေးပွဲများကို အိုင်အက်စ် အကြမ်းဖက်အဖွဲ့အစည်းနှင့်ဆက်နွှယ်သော အဖွဲ့က ဗုံးခွဲတိုက်ခိုက်နေစဉ် တာလီဘန် အကြမ်းဖက်အဖွဲ့က နိုင်ငံအနှံ့ရှိ အစိုးရ အကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့များကို နေ့စဉ် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

















