ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားသည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာသဘောတူစာချုပ်အား ထောက်ခံမှုရုတ်သိမ်းရန် အမျိုးသားရေးဝါဒီများ၏တောင်းဆိုမှုကို ပယ်ချပြီး ဒုက္ခသည်များနှင့် ရွှေ့ပြောင်းများ၏ဘဝတိုးတက်ကောင်းမွန်ရေးအတွက် တစ်ကမ္ဘာလုံးအနေဖြင့်တာဝန်ရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်က နိုဝင်ဘာ ၂၁ ရက်တွင်ပြောဆိုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လုံခြုံပြီး အစီအစဉ်ကျနကာ ပုံမှန်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာစာချုပ်ကို နိုင်ငံအများအပြားက လာမည့်လတွင် မော်ရိုကိုနိုင်ငံ မာရာကက်ချ်၌ အတည်ပြုရန် စီစဉ်နေသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဟန်ဂေရီ၊ သြစတြီးယား၊ အစ္စရေး၊ သြစတြေးလျနှင့် ပိုလန်တို့က ထောက်ခံမည်မဟုတ်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။
စာချုပ်ကြောင့် ရွှေ့ပြောင်းများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကူအညီကဲ့သို့ ဘဝတိုးတက်ကောင်းမွန်စေရေး အကူအညီများကို ရရှိရန်သေချာသွားမည်ဖြစ်ကြောင်း မာကယ်က လွှတ်တော်အစည်းအဝေးအတွင်းပြောဆိုခဲ့သည်။
လက်ယာစွန်း အမျိုးသားရေးဝါဒီ ဂျာမနီအတွက် အခြားနည်းလမ်းပါတီက စာချုပ်ကို အဓိကဆန့်ကျင်ခဲ့သော်လည်း မာကယ်၏ပါတီမှ အမတ်တချို့ကလည်း သဘောတူညီမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သည်။
စာချုပ်ကို အတည်ပြုရေးကို ရွှေ့ဆိုင်းထားလိုကြောင်း ကျန်းမာရေးဝန်ကြီး ယန်စ် ရှပန်းက ပြောဆိုခဲ့သည်။ မာကယ်သည် လာမည့်လတွင် ခရစ်ယာန်ဒီမိုကရက်တစ်သမဂ္ဂပါတီအကြီးအကဲအဖြစ်မှ အနားယူမည်ဖြစ်ရာ ၎င်းနေရာကို ဆက်ခံလိုသူများတွင် ရှပန်းလည်းပါဝင်နေသည်။
ကမ္ဘာလုံးဆိုင်ရာပြဿနာများကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရွှေ့ပြောင်းဆိုင်ရာစာချုပ်က နမူနာပြနေသည်ဟု မာကယ်ကပြောဆိုခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ပဉ္စမသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း မာကယ်က ပြောဆိုထားပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်း အမျိုးသားရေးဝါဒီထကြွလာချိန်တွင် မာကယ်သည် ဗဟုဝါဒကို ထောက်ခံသူများတွင် ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဂျာမနီနိုင်ငံ ပြန်လည်ဦးမော့လာနိုင်ခြင်းမှာ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်သော အဖွဲ့အစည်းများသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မကြာခဏသတိပေးပြောဆိုခဲ့သည်။

















